Top News

စစ်ကိုင်းတိုင်းဒေသကြီး ဇင်းတောင်အနီးရှိ လင်းနို့ဂူအား ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် အပန်းဖြေစခန်းဖွင့်လှစ်
24htopnews | November 21, 2024 6:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းဘေး ဇင်းတောင်အနီးရှိ လင်းနို့ဂူအား ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် အပန်းဖြေစခန်း ဖွင့်လှစ်ခြင်းကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် အသိပညာပေးနှင့် အပန်းဖြေစခန်းမှာ ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် (၆၅) မှ အရှေ့ဘက် ၅ မိုင် ၂ ဖာလုံအကွာတွင် တည်ရှိပြီး ထုံးကျောက်တောင် အမျိုးအစားဖြစ်ကာ မင်းဝံတောင်တန်း၊ ၂၂၉၀ ပေအမြင့်ရှိသော ဇင်းတောင်မကြီးတွင် လင်းနို့ဂူ တည်နေရာဖြစ်ပြီး သဘာဝတောအတွင်း သစ်အမျိုးမျိုး၊ တောရိုင်းတိရစ္ဆာန် အများအပြား ကျက်စားနေထိုင်လျက်ရှိသည့်အတွက် သဘာဝ အခြေခံခရီးသွား လုပ်ငန်းဖော်ဆောင်ကာ  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကိုင်းတိုင်းဒေသကြီးဟာ ဧရိယာအားဖြင့် ကျယ်ဝန်းသလို သဘာဝပစ္စည်း အမွေအနှစ်တွေ၊ ရှေးဟောင်းအမွေအနှစ်တွေ အစုံအလင်တည်ရှိတဲ့ နေရာလည်းဖြစ်တယ်။ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ဖို့ဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖော်ဆောင်နေတဲ့လုပ်ငန်းစဉ်တွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး ဒီလင်းနို့ဂူကို သဘာဝပတ်ဝန်းကျင် အသိပညာပေးနဲ့ အပန်းဖြေစခန်းအဖြစ် ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းခဲ့တာကြာပါပြီ။  အခုလက်ရှိမှပဲ အကောင်အထည် ဖော်နိုင်တာဖြစ်တယ်။ တိုင်းဒေသကြီးအတွင်းမှာ အခုလိုနေရာသုံးခုကို ဖွင့်လှစ်ဖို့ မျှော်မှန်းထားတယ်။ အခုကတော့ တစ်နေရာ ဖော်ဆောင်နိုင်ခဲ့ပြီ နောက်ထပ်နေရာတွေကိုလည်း ဆောင်ရွက်သွားမှာပါ” ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

လင်းနို့ဂူသည် ရွှေဘိုမြို့နှင့် မိုင် ၇၀၊ ကန့်ဘလူမြို့နှင့် ၄၅ မိုင် အကွာအဝေးတွင် တည်ရှိပြီး လင်းနို့ကေင်ရေ သန်းနှင့်ချီ နေထိုင်ကြောင်း၊ လင်းနို့ဂူ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူများ အပန်းဖြေရန် နေရာများ ဆောင်ရွက်ထားပြီး သစ်တောပြခန်း ထည့်သွင်းတည်ဆောက်ထားကတော ရိုင်းတိရစ္ဆာန်ရုပ်လုံးသွင်း ခုနစ်ကောင်နှင့် တိရစ္ဆာန်အစိတ်အပိုင်း၊ အရိုး ၁ဝမျိုးခန့် ပြသထားကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖူးပွင့်သည့် တောပန်း၊ တောင်ပန်းအမျိုးအစား  ၅၀၊ သက်တမ်း ၂၈၉ နှစ်ရှိ ကျွန်းသစ်လုံးများအား ပြသထားကြောင်းသိရပြီး ဖွင့်ပွဲပြုလုပ်သည့် ဒီဇင်ဘာ ၂၆ တွင် ကန့်ဘလူမြို့နယ် ကောလင်းမြို့နယ်အတွင်းမှ ပြည်သူများ လာရောက်ကြည့်ရှု အပန်းဖြေခဲ့ကြောင်း သိရသည်။

လင်းနို့ဂူအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လင်းနို့ဂူသဘာဝ ပတ်ဝန်းကျင်နယ်မြေတွင် ဆင်၊ ကျားသစ်၊ ဆတ်၊ ချေ၊ တောင်ဆိတ်၊ ရှူးပျံစသည့် ရှားပါး တိရစ္ဆာန်များကျက်စားပြီး ဘူမိရုပ်သွင် ထူးခြားချက်အရ လင်းနို့များလည်း နေထိုင်ကျက်စားလျက်ရှိကာ ဇင်းတောင်ကြီး၏ အနောက်ဘက် ခင်တန်းတောင်ပေါ်တွင် တည်ရှိပြီး ဧရိယာ ဧက ၃၀၀၀၀ ကျော် ကျယ်ဝန်းကြောင်း၊ အပန်းဖြေစခန်းအတွက် လိုအပ်သည့် အဆောက်အအုံများနှင့် ရေတွင်းရေကန်များကို ထာဝရကုမ္ပဏီမှ လှူဒါန်းခြင်းဖြစ်ကာ အပန်းဖြေစခန်း ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း စတင် အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK