Top News

ဒလတံတား တည်ဆောက်မည့်အစီအစဉ် အတည်ပြုပြီးနောက် ဒလမြို့နယ်၏ အိမ်ခြံမြေနှင့်လယ်မြေစျေး တရိပ်ရိပ်တက်လာကာ အိမ်ရာများဆောက်လုပ်ရန် သတင်းထွက်ပေါ်နေသည့် သိမ်းဆည်းခံလယ်ယာမြေများ စျေးနှုန်း ၁၀ ဆနီးပါးမြင့်တက်
24htopnews | November 21, 2024 6:12 AM CST

ဒလတံတား တည်ဆောက်မည့် အစီအစဉ် အကောင်အထည်ဖော်ရန်အတွက် အတည်ပြုပြီးနောက်ပိုင်းတွင် ယခင်က စျေး နှုန်းများ ကျဆင်းခဲ့သည့် ဒလမြို့နယ်၏ အိမ်ခြံမြေနှင့် လယ်ယာမြေစျေးနှုန်းများ တရိပ်ရိပ်တက်လျက်ရှိပြီး အသေးစားစက်မှု လုပ်ငန်းများ၊ အိမ်ရာများတည်ဆောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် သိမ်းဆည်းခံ လယ်ယာမြေများတွင်မူ အမြင့်ဆုံးစျေး ထိုးတက်မှုအဖြစ် ၁၀ ဆနီးပါး စျေးထိုးတက်ခဲ့ကြောင်း ဒလမြို့နယ်တွင်ရှိသည့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများနှင့် ဒေသခံများထံမှ စုံစမ်းသိရသည်။

လွန်ခဲ့သည့် တစ်လကျော်က ဒလမြို့နယ်၏ အိမ်ခြံမြေစျေးနှုန်းကျဆင်းခဲ့ပြီး  စံချိန်တင်စျေးနှုန်း ကျဆင်းမှုအနေဖြင့် ပေါက်စျေး၏ ထက်ဝက်နီးပါးအထိ ကျဆင်းနေခဲ့ခြင်း ဖြစ်သော်လည်း ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ဒလတံတား ပန္နက်တင်ပွဲ အစီအစဉ်ကြောင့် ယင်းတံတားတည်ဆောက်ရန် အတည်ပြုသကဲ့သို့ဖြစ်ခဲ့သဖြင့် လက်ရှိတွင် ဒလမြို့နယ်၏ အိမ်ခြံမြေစျေးနှုန်းများ တက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ စျေးနှုန်းများ တက်လာရာတွင် ပြီးခဲ့သည့်နှစ်များအတွင်းက ဖြစ်ပေါ်ခဲ့သည့် ပုံစံမျိုးကဲ့သို့ စျေးနှုန်းများ တစ်ရှိန်ထိုးတက်ခဲ့ခြင်း မဟုတ်ဘဲ တရိပ်ရိပ်ထိုးတက်ခဲ့ခြင်းဖြစ် ပြီး တံတားခြေဆင်းနေရာတွင် ရှိနေမည့် ကျန်စစ်သားရပ်ကွက် အပါအဝင် ရပ်ကွက်အချို့နှင့် ဒလမြို့နယ်၏အဓိကလမ်းမကြီးများဖြစ်သည့် ဒလ-တွံတေးလမ်း၊ရာဇသင်္ကြန်လမ်း၊ ဓနုတ်လမ်းမနံဘေးရှိ မြေကွက်များမှာ သိန်းတစ်ရာဝန်းကျင်မှ သိန်း ၅၀၀ ကျော် အထိ စျေးတက်လာကြောင်း သိရသည်။

ဒလမှာ ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက် ရှိတယ်။ အရင်က ၂၃ ရပ်ကွက်ပေါ့။ အဲဒီထဲမှာမှ အရောင်းအဝယ်လှုပ်တာနဲ့ တံတားခြေဆင်းမှာရှိတဲ့ ကျန်စစ်သားရပ်ကွက်ကို ချိန်ရတယ်။ မြေစျေးကိုပေ့ါ။ ပြီးရင် တာကြီးရှိမယ်။ နောက်ရပ်ကွက်တွေပေါ့။ ကျန်တဲ့ရပ်ကွက်တွေလည်း အရောင်းအဝယ်ဖြစ်တာက ဖြစ်တယ်။ ဒါပေမဲ့ ကျန်စစ်သားက တံတားခြေရင်းမှာလည်း ရှိတယ်။ အကွက်ပေါင်း ၃၀၀၀ ကျော်လည်းရှိတယ်။ အိမ်ခြေစိပ်စိပ် မရှိသေးဘူး။ မြေကျယ်ကျယ် ဝယ်လို့ရတယ်။ ၅၀ ပတ်လည် ဝယ်ချင်လည်း ရှိတယ်။ ၁၀၀ ဝယ်ချင်လည်း ရှိတယ်။ ကျန်တာတွေက အဲဒီလိုမရဘူး။ အဲဒါကြောင့် ကျန်စစ်သားကို မမီဘူး။ အဲဒီမှာ လွန်ခဲ့တဲ့ တစ်လကျော်လောက်က သိန်း ၈၀၀ လောက်တန်တဲ့ မြေကွက်က သိန်း ၄၂ဝလောက်အထိ ကျသွားတယ်။ အရင်က အဲဒီလောက်အထိ မကျဆင်းဖူးဘူး။ နောက် လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်မှာ တံတား ပန္နက်တင်ပွဲ မတိုင်မီလေးမှာကိုပဲ စျေးတွေက ပြန်တက်လာတယ်။ တံထားထိုးမယ်ကြားလို့ပေါ့။ သိန်း ၄၀၀ လောက်ကနေ ၆၀၀ လောက်အထိ တက်လာတယ်။ ဒလ- တွံတေးလမ်း၊ ရာဇသင်္ကြန်လမ်း၊ ဓနုတ်လမ်းမ အဲဒီလို လမ်းမကြီးတွေဘေးက မြေကွက်တွေဆို သိန်း ၁၃၀၀ လောက်ကနေ ၁၅၀၀၊ ၂၀၀၀ လောက်အထိ တက်လာတယ် ဟု ဒလမြို့နယ် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးသန်းထွန်းက လက်ရှိ ဖြစ်ပေါ်နေသည့် ဒလမြို့နယ်၏ အိမ်ခြံမြေ စျေးနှင့် ပတ်သက်၍ ပြောကြားသည်။

တံတားတည်ဆောက်ရန် အတည်ပြုနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့ပြီး နောက်တွင် ဒလမြို့နယ်အတွင်းရှိ လယ်မြေ စျေးနှုန်းများလည်း တက်လာပြီး မြို့ကွက် တိုးချဲ့ရန်အတွက် တပ်မတော်က သိမ်းဆည်းခဲ့သည့် လယ်မြေများမှာ အမြင့်ဆုံးစျေးနှုန်း တိုးတက်မှုအဖြစ် စျေးနှုန်း ၁၀ ဆနီးပါးအထိ တက်လာခဲ့ကြောင်း သိရသည်။ ထိုသို့တက်လာခဲ့ရခြင်းမှာ အဆိုပါ လယ်မြေနေရာများတွင် အသေးစားစက်မှုလုပ်ငန်းများ၊ အိမ်ရာတည်ဆောင်ခြင်း လုပ်ငန်းများ လုပ်ကိုင်မည် ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်မှာ အရမ်းဟော့နေတဲ့ နေရာရှိတယ်။ အဲဒီနေရာက အရင်က တပ်က သိမ်းထားတဲ့ လယ်မြေနေရာပေါ့။ ၂၀၁၂ လယ်ယာမြေဥပဒေ ထွက်လာပြီးတော့လည်း အဲဒီက သူတွေကို ပုံစံခွန်မပေးဘူး။ အဲဒီတော့ သူတို့က ဘဏ်စာအုပ်လေးနဲ့ပဲ ဆက်လက်စိုက်ပျိုးနေကြတဲ့နေရာပေါ့။ အဲဒီမှာက အသေးစားစက်မှုလုပ်ငန်းတွေ၊ အိမ်ရာတွေ လုပ်မယ်ဆိုပြီး သတင်းတွေထွက်လာတယ်။  Survey တွေ လာလုပ်ကြတယ်။ အဲဒီနောက်ပိုင်းမှာတော့ စျေးတွေက တအားထိုးတက်သွားတယ်။ တစ်ဧက သိန်း ၆၀ ကျော်ကနေ သိန်း ၄၅၀ လောက်အထိကို တက်သွားတာ ဟု ဦးသန်းထွန်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် စျေးနှုန်းများတက်နေသည့် ဒလမြို့နယ်မှ အိမ်ခြံမြေစျေးများကြောင့် ရောင်းချမည့်သူများမှာ အမြင့်စျေး စောင့်ဆိုင်းနေသည့် အခြေအနေနှင့် စျေးနှုန်း ပြောင်းလဲရောင်းချသည့် အခြေအနေရှိသော်လည်း ဝယ်လိုမှာ ရောင်းချလိုသည့် အခြေအနေထက် နည်းပါးလျက်ရှိကြောင်း သိရပြီး ယင်းသို့ နည်းပါးရခြင်းမှာ နေရာကောင်းတွင် ရှိသည့်မြေနေရာများကို ငွေသုံး နိုင်သူတို့က ဝယ်ယူထားပြီး အခြေအနေရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်တွင်ရှိသည့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများ၏ ခန့်မှန်းပြောကြားမှုများအရ ဒလမြို့နယ်၏ အိမ်ခြံမြေစျေးများမှာ မြို့ကွက်တိုးချဲ့သည့် အချိန်တွင် မြေကွက်ပါမစ်အသစ်များသည် လက်ရှိမြေကွက်စျေးနှုန်းများထက် ပိုမိုလျော့ နည်းစွာ ရှိနေနိုင်ခြင်းကြောင့် တစ်ရှိန်ထိုးတက်လာရန် ရှိမနေသကဲ့သို့ အဓိကကျသည့် မြေနေရာများသည်လည်း စျေးနှုန်းကျဆင်းနိုင်သည့် အခြေအနေ ဖြစ်လာဖွယ်မရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ကန့်ကွက်မှုများ ရှိခဲ့ခြင်းကြောင့် တည်ဆောက်ရန် ကြန့်ကြာခဲ့သည့် ဒလတံတားတည်ဆောက်ရန် စီမံကိန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လာရောက် ပန္နက်ချမှုနှင့်အတူ တံတားတည်ဆောက်ခြင်း လုပ်ငန်းကို အတည်ပြုဆောင်ရွက်ရန် ဖြစ်ပေါ်ခဲ့ပြီဖြစ်၍ ယင်းအခြေအနေ မတိုင်မီတွင် ဒလမြို့နယ်၌ အမြင့်ဆုံးအိမ်ခြံမြေစျေးနှုန်းအဖြစ် သိန်း ၆၀၀၀ ကျော်အထိ ရှိခဲ့ဖူးကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလမြို့နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေ အနေမှာ နှေးကွေးနောက်ကျလျက်ရှိပြီး ဒလတံတားပြီးစီးပါက တိုးတက်လာနိုင်မည့် အခြေအနေများကို ဒလဒေသခံများက မျှော်လင့်နေကြကြောင်း သိရသည်။   


READ NEXT
Cancel OK