တရားမဝင်ရွှေ့ပြောင်းအခြေချများ အမေရိကန်နိုင်ငံထဲသို့ ဆက်လက်ဝင်ရောက်နေသရွေ့ မက္ကဆီကိုနိုင်ငံမှ သွင်းကုန်များအားလုံးအပေါ် အခွန်ငါးရာခိုင်နှုန်း တိုးမြှင့်စည်းကြပ်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ “တရားမဝင် ရွှေ့ပြောင်းအခြေချတွေ မက္ကဆီကိုကို ဖြတ်ပြီး ကျွန်တော်တို့နိုင်ငံထဲ ဝင်နေတာ မရပ်မချင်း ကျွန်တော်တို့နိုင်ငံထဲကို သွင်းလာတဲ့ မက္ကဆီကို ကုန်စည်အားလုံးအပေါ် ဇွန် ၁၀ ရက်ကနေစပြီး အခွန်ငါးရာခိုင်နှုန်း စတင်စည်းကြပ်မှာဖြစ်ပါတယ်” ဟု ထရန့်က Twitter တွင် ရေးသားခဲ့သည်။
“တရားမဝင် ရွှေ့ပြောင်းအခြေချ ပြဿနာကို မဖြေရှင်းနိုင်သေးသရွေ့ အခွန်တွေဟာ တဖြည်းဖြည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းပြီးရင်တော့ အခွန်တွေကို ဖယ်ရှားပေးမှာပါ” ဟု ထရန့်က ရေးသားခဲ့သည်။
အိမ်ဖြူတော်မှ ထုတ်ပြန်ချက်တစ်ရပ်တွင် မက္ကဆီကိုကုန်များအပေါ် စည်းကြပ်ထားသည့် အခွန် ငါးရာခိုင်နှုန်းသည် ဇူလိုင် ၁ ရက်တွင် ၁၀ ရာခိုင်နှုန်းသို့ မြင့်တက်လာမည်ဖြစ်ကြောင်း၊ ယင်းနောက် အခွန်များသည် လစဉ် ငါးရာခိုင်နှုန်းစီ တိုးလာမည်ဖြစ်ပြီး နောက်ဆုံး အောက်တိုဘာ ၁ ရက်တွင် ၂၅ ရာခိုင်နှုန်းသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ “ကျွန်တော်တို့ နယ်နိမိတ်ထဲကို နိုင်ငံခြားသားတွေ တရားမဝင် စီးဆင်းဝင်ရောက်နေတာကို မက္ကဆီကိုဘက်က ထိထိရောက်ရောက် မတားနိုင်သရွေ့ အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းဟာ ပုံသေရှိသွားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မက္ကဆီကို၊ ကနေဒါတို့နှင့် အမေရိကန်ကြားတွင် ရရှိထားသော မြောက်အမေရိက ကုန်သွယ်ရေး သဘောတူညီချက် စတင်အသက်ဝင်သည့်နေ့မှာပင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သဖြင့် ထိုသဘောတူညီချက်အပေါ်တွင်လည်း သက်ရောက်မှု ဖြစ်လာနိုင်ခြေရှိနေသည်။
မက္ကဆီကို၏ တုံ့ပြန်မှု
မက္ကဆီကိုနိုင်ငံ၏ ပို့ကုန်များအနက် ရာခိုင်နှုန်း ၈၀ သည် အမေရိကန်သို့ပို့နေခြင်း ဖြစ်သဖြင့် ယခုအခွန်တိုးမြှင့်စည်းကြပ်မှုသည် မက္ကဆီကိုအတွက် ဆိုးရွားပြင်းထန်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာစေနိုင် ဖွယ်ရှိသည်။
မက္ကဆီကိုသမ္မတ အန်ဒရာမန်နျူ ရယ်လိုပက်ဇ်အိုဘရာဒေါကမူ အမေရိကန်ဘက်မှ ကြေညာချက်ထုတ်ခဲ့ပြီးနောက်ပိုင်း ပြေရာပြေကြောင်းသဘောဖြင့် ရေးသားထားသည့် စာတစ်စောင်ကို ထရန့်ထံသို့ ပို့ခဲ့သည်။ “ထိပ်တိုက်တွေ့တာ မလိုလားပါဘူး။ ရွှေ့ပြောင်းအခြေချ ပြဿနာအတွက် အခြားရွေးချယ်စရာနည်းလမ်းတွေရှာဖို့ ကျွန်တော်တို့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆွေးနွေးလိုတဲ့အကြောင်း ပြောလိုပါတယ်” ဟု အိုဘရာဒေါက ရေးသားခဲ့သည်။
အစောပိုင်းကမူ မက္ကဆီကိုမှ မြောက်အမေရိကဆိုင်ရာ ထိပ်တန်းသံတမန်က အမေရိကန်၏ လုပ်ရပ်အား အလွန်ဆိုးရွားသည်ဟု ခေါ်ဆိုခဲ့ပြီး အခွန်တိုးမြှင့်စည်းကြပ်မှုများ အသက်ဝင်လာပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ပြောခဲ့သည်။
တက္ကဆက်ပြည်နယ်၊ အယ်ပါဆိုဒေသမှ နယ်စပ်အေးဂျင့်များသည် လူ ၁၀၃၆ ဦး ပါဝင်သည့် လူအုပ်ကြီးကို ထိန်းသိမ်းခဲ့ရကြောင်း၊ ယင်းသည် ထိန်းသိမ်းခဲ့ရသမျှတွင် လူအများဆုံးပါဝင်သည့် ရွှေ့ပြောင်းအခြေချ လူအုပ်ကြီးဖြစ်ကြောင်း ထုတ်ပြန်ပြီး နောက်တစ်ရက်မှာပင် အခွန်ကိစ္စ ထွက်ပေါ်လာခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
