လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုကြောင့် လူ ၄၀ နီးပါးသေဆုံးခဲ့ရပြီးနောက် ဆူဒန်မှဆန္ဒပြခေါင်းဆောင်များသည် လူထုစုဝေးမှုများ ထပ်မံလုပ်ဆောင်ကြရန် ဇွန် ၄ ရက်က ဆော်သြခဲ့ပြီး စစ်တပ်အုပ်ချုပ်သူများ၏ ရွေးကောက်ပွဲအစီအစဉ်ကိုလည်း ပယ်ချခဲ့ကြသည်။
မြို့တော်ခါတွန်ရှိ စစ်ဌာနချုပ်အပြင်ဘက်မှ သီတင်းပတ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သော ထိုင်သပိတ်သည် ဇွန် ၃ ရက်က အင်အားသုံးဖြိုခွင်းခံခဲ့ရပြီးနောက် လက်ရှိအုပ်ချုပ်နေသည့် စစ်ကောင်စီအား ဖြုတ်ချရန် ‘အလုံးစုံလူထုအုံကြွမှုကြီး’ ထဲ၌ ပါဝင်ကြရေးအတွက် ဆန္ဒပြခေါင်းဆောင်များက ထောက်ခံသူများကို ဆော်သြနေခြင်း ဖြစ်သည်။
နိုင်ငံအား ကာလရှည်ကြာအုပ်ချုပ်ခဲ့သည့် သမ္မတအိုမာအယ်ဘာရှားကို ဧပြီလက ဖြုတ်ချခဲ့သော ကူးပြောင်းရေးစစ်ကောင်စီသည် အရပ်သားအစိုးရတစ်ရပ်ထံ သုံးနှစ်အတွင်း အာဏာလွှဲပေးရန် သဘောတူညီခဲ့သည်။ သို့သော် စစ်တပ်အကြီးအကဲ ဗိုလ်မှူးကြီး အဗ္ဗဒူဖာတာအယ်ဘာဟန်က ထိုသဘောတူညီချက်ကို စွန့်ပယ်လိုက်ပြီး ရွေးကောက်ပွဲကို ကိုးလအတွင်း ကျင်းပမည်ဟု ကြေညာခဲ့သည်။
ဘာရှားကို ပြုတ်ကျစေရန် ဆန္ဒပြမှုများအား ဦးဆောင်ခဲ့သည့် ဆူဒန်ပညာရှင်များအစည်းအရုံး (SPA) က စစ်တပ်၏ ယခုအစီအစဉ်ကို လက်မခံဘဲ “ဒါဟာ တော်လှန်ရေး ကောင်စီလည်းမဟုတ်သလို ပြည်သူ့စစ်တပ်ဖွဲ့လည်း မဟုတ်ဘူး။ ပြည်သူတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် ခေါင်းဆောင်တွေလည်း မဟုတ်ဘူး” ဟု ပြောခဲ့ကြသည်။
ဇွန် ၃ ရက်နှင့် ၄ ရက်နေ့အတွင်းက ဖြစ်ပွားခဲ့သည့် ဖြိုခွင်းမှုအတွင်း အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် သေဆုံးသူ ၆၀ ထက်မနည်းရှိခဲ့သည်။ သွေးချောင်းစီး အစုလိုက်အပြုံလိုက်သတ်ပွဲဟု ခေါ်ဆိုကြသော ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှီအခိုကင်းသည့် စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ပေးရန် SPA က တောင်းဆိုနေသည်။
ကူးပြောင်းရေးစစ်ကောင်စီကမူ ထိုဖြစ်စဉ်များအတွက် စိတ်ထိခိုက်၊ နောင်တရကြောင်း၊ ရှင်းလင်းရေးလုပ်ငန်းစဉ်မှာ မှားယွင်းသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများနှင့် ဝန်ထမ်းများကို တိုက်ခိုက်ခဲ့ပြီး မြို့တော်ဝန်းကျင်တစ်ဝိုက်ရှိ အမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့သည်ဟု ဆူဒန်ဆရာဝန်များသမဂ္ဂက စွပ်စွဲခဲ့သည်။ သို့သော် အသေးစိတ်အချက်အလက်များအား မထုတ်ဖော်ခဲ့ပေ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇွန် ၄ ရက်က ဆူဒန်အရေးနှင့်ပတ်သတ်ပြီး တံခါးပိတ် ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲအတွင်း ဆူဒန်နိုင်ငံထဲမှ အရပ်သားများသတ်ဖြတ်ခံရမှုဖြစ်စဉ်များကို အပြစ်တင်ကြောင်း ထုတ်ပြန်ပြီး စစ်တပ်နှင့် ဆန္ဒပြသူများ လက်တွဲဆောင်ရွက်ရန် ဆော်သြရေးအတွက် ကြိုးပမ်းမှုကို တရုတ်နှင့် ရုရှားတို့က ပိတ်ဆို့ခဲ့သည်။
(ဘယ်ဂျီယံ၊ ဗြိတိန်၊ ပြင်သစ်၊ဂျာမနီ၊ အီတလီ၊ ပိုလန်၊ နယ်သာလန်၊ ဆွီဒင်တို့ ပါဝင်သည့်) ဥရောပရှစ်နိုင်ငံကမူ ဆူဒန်လုံခြုံရေးတပ်ဖွဲ့၏ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများအား ပြစ်တင်ရှုတ်ချကြောင်း သီးခြားထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့သည်။ ယင်းမတိုင်မီက အမေရိကန်၊ ဗြိတိန်နှင့် နော်ဝေတို့က ဆူဒန်စစ်တပ်၏ လုပ်ရပ်ကို ပြစ်တင်ကြောင်းထုတ်ပြန်ခဲ့သည်။
ဆူဒန်နိုင်ငံထဲမှ ဆန္ဒပြသူများကို အာဖရိကနှင့် အနောက်နိုင်ငံခေါင်းဆောင်များက ခိုင်မာစွာပံ့ပိုးပေးနေစဉ် ဆော်ဒီအာရေ ဗျဦးဆောင်သည့် အာရပ်အစိုးရများက ဆူဒန်မှ စစ်တပ်အုပ်ချုပ်သူများကို ကျောထောက်နောက်ခံ ပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
