ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ် မိုးစပါးစိုက် ပျိုးစရိတ်ချေးငွေ ကြွေးကျန်များမှာ ယခင်နှစ်ထက်အများအပြား ကျန်ရှိနေပြီး ပြန်ဆပ်ရန် စည်းရုံးတိုက်တွန်းနေရကြောင်း မြို့နယ်မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က သိရသည်။
ပြည်မြို့နယ်အတွင်း ၂၀၁၇ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေကြွေးကျန်အဖြစ် တောင်သူ ၇၁၅ ဦးတွင် ကျပ်သန်းပေါင်း (၄၈၀ ဒသမ ၂၆၀) သန်းကျန်ရှိပြီး၊ ၂၀၁၈ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်အဖြစ် တောင်သူ ၇၄၁၃ ဦးတွင် ကျပ်သန်းပေါင်း (၅၅၈၂ ဒသမ ၇၉၀) သန်း ကျန်ရှိနေသေးကြောင်း သိရသည်။
“ချေးငွေကြွေးကျန်တွေနဲ့ပတ်သက်ပြီးတော့ ကျေးရွာတွေသွားပြီး ကွင်းဆင်းနှိုးဆော် ကောက်ခံလျက်ရှိပါတယ်။ အရေးယူဆောင်ရွက်မှုကတော့ ထုတ်ချေးရင်းနဲ့ ကောက်ခံရင်းနဲ့ တစ်ပြိုင်နက်ဆောင်ရွက်နေလို့ လောလောဆယ်တော့ အရေးယူကောက်ခံဖို့ မရှိသေးဘူး။ စည်းရုံးလှုံ့ဆော်ကောက်ခံနေပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ပြည်မြို့နယ်) မန်နေဂျာ ဒေါ်ဗေဒါရီက ပြောကြားသည်။
၂၀၁၉ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးသွားမည်ဖြစ်ပြီး ပြီးခဲ့သည့် မေ ၇ ရက်က ဇလုံကျေးရွာအုပ်စုကို စတင်ထုတ်ချေးနေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
တောင်သူများပြန်လည်ပေးဆပ်နိုင်မှုအခြေအနေနှင့်ပတ်သက်၍ “ကျွန်တော်လည်း စည်းရုံးတိုက်တွန်းတာပေါ့။ ပြန်ဆပ်ဖို့ နွေလယ်သိမ်းပြီးမှပဲ ပြန်ဆပ်နိုင်မယ်ပေါ့။ ကြားမှာ ခါတိုင်းကတော့ မတ်ပဲလုပ်တော့ အခုရာသီ ငါးလပိုင်းဆိုဆပ်ပြီ။ သူတို့ဘက်က အဲဒီ အခက်ခဲလေးတွေရှိတဲ့ အကြောင်းပြောတယ်။နောက်တစ်ချက်ကတော့ ကျန်တဲ့ အုပ်စုတွေ အခြေအနေတွေအရ နားထောင်ကြည့်ဦးမယ်။ ပြည်သူက အရင်ထုတ်ချေးပြီးမှ ကျန်တာကို ပြန်ဆပ်ချင်တယ်။ မရဘူးလားလို့မေးချင်ကြတယ် ဘာကြောင့် အကြွေးတွေကျလည်းဆိုတော့ လုပ်အားခတွေနဲ့ မိုးကနေနွေပတ်လည်ရိုက်နေတာ စပါးနဲ့ကျတယ်။ တချို့လည်း ဝယ်မဲ့သူမရှိဘူးပြောနေတယ်” ဟု လက်ပံပုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်က ပြောကြားသည်။
၂၀၁၉ ခုနှစ်အတွက် ပြည်မြို့နယ်အတွင်း ဧကပေါင်း ၅၉၀၀၀ ဧကအတွက် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်းပေါင်း ၈၈၅၀၀ ထုတ်ချေးရန် ရည်ရွယ်ထားကြောင်း ယင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရသည်။
“တောင်သူတွေမှာက နဂိုကနေပြီး စီးပွားရေးကျပ်တည်းမှုတွေပေါ့။ တကယ်တမ်းကျတော့ တောင်သူတွေက ဘယ်လိုလဲဆိုတော့ အစိုးရဘက်ကတော့ စိုက်ပျိုးရေးစရိတ် တိုးတိုးပြီးထုတ်ချေးလာပေမဲ့ တောင်သူတွေဘက်က ထွက်ရှိတဲ့သီးနှံတွေက စျေးကွက်မကောင်းတာတို့ တောင်သူတွေက အကြွေးသံသရာလည်အကြောင်းတွေကြောင့် နိုင်ငံတော်က ထောက်ပံ့ပေမဲ့ ထောက်ပံ့ငွေတွေ လယ်ယာစိုက်ပျိုးရေးမှာ ထိထိရောက်ရောက် အသုံးမချနိုင်ကြဘူး။ နဂိုတုန်းက တင်ခဲ့တဲ့ ကြွေးတွေကို အသုံးချပြီး ပေးဆပ်နေရတော့ နိုင်ငံတော်က အကြွေးတွေကို ပြန်ပေးဆပ်ဖို့ အခက်ခဲတွေ အများကြီးရှိတယ်” ဟု သပြေပင်အင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဌေးက ပြောကြားသည်။
၂၀၁၅ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အတွင်းရှိ တောင်သူလယ်သမားများထဲက စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသော တောင်သူလယ်သမား ၆၇ ဦးအား တရားစွဲဆို အရေးယူမှုများလည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
