မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့တွင် မြန်မာ-တရုတ်ပူး ပေါင်းဆက်ဆံရေးဗဟိုအသင်းက ဆောက်လုပ်လှူဒါန်းသည့်ဆေးရုံနှင့် ဗိုလ်ချုပ်အောင် ဆန်းပုံတူ ကျောက်ဆစ်ရုပ်တုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးတို့က မေ ၁၀ ရက်နံနက်ကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးရုံနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုဖွင့်ပွဲသိုု့ နတ်မောက်၊ မြို့သစ်၊ မကွေးမြို့နယ်များအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများစွာ လာရောက်ခဲ့ကြကြောင်း၊ ဆေးရုံနှင့်ဗိုလ်ချုပ်ရုပ်တုပေးအပ်ပွဲကိုလည်း တစ်ဆက်တည်းကျင်းပခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က အမှတ်တရစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါဆေးရုံသည် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းဗဟိုက ဆောက်လုပ်လှူဒါန်းသည့် ဒုုတိယမြောက်ဆေးရုံုံဖြစ်ပြီး ခုတင် ၅၀ ဆံ့ဆေးရုံဖြစ်ကြောင်း၊ ဆေးရုံရှေ့မျက်နှာစာတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူကျောက်ဆစ်ရုပ်တုကိုလည်း လှူဒါန်းခဲ့ပြီး ဆေးရုံနှင့်ရုပ်တုပေးအပ်ပွဲအခမ်းအနားကို တစ်ဆက်တည်း ကျင်းပခဲ့ကြောင်း သိရသည်။
“ကျန်းမာရေးကဏ္ဍဘက်မှာလည်း အစိုးရအဖွဲ့အနေနဲ့ တတ်နိုင်သမျှ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ဘယ်လောက်ပဲ ကူညီနေနေ ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ပိုင်စည်းနဲ့ကမ်းနဲ့နေမှ ကျန်းမာနိုင်မှာပါ။ ကျွန်မ ပြောလေ့ရှိပါတယ်။ ဆရာဝန်တွေ၊ ဆရာမတွေ၊ ဆေးဝါးကုသမှုတွေ ပေးနေသူတွေက အရန်သဘောမှာပဲရှိပါတယ်။ ကျွန်မတို့ရဲ့ မြို့သူမြို့သားများ၊ ပြည်သူပြည်သားများက ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ပဲလုပ်ပေးနိုင်မယ်။ ကျွန်မတို့ ဆေးရုံတွေ ဆရာဝန်တွေ သူနာပြုဆရာမတွေက အထောက်အကူအဖြစ်နဲ့ပဲလုပ်ပေးနိုင်မယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ဂရုစိုက်ပါ။ ကိုယ့်တစ်ဦးတစ်ယောက်အတွက်တင် မဟုတ်ဘူး။ အနာဂတ်အတွက်ပါ ဂရုစိုက်ပါ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါအခမ်းအနားတွင် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ပထမဆုံး ပညာဆည်းပူးခဲ့သည့် နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက်တွင် ငြိမ်းချမ်းရေးတံခွန်တိုင်နှင့် ခေါင်းလောင်းတော်တို့ကိုလည်း ရေစက်ချအလှူတော်မင်္ဂလာကျင်းပခဲ့ကြောင်း၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့လည်း သွားရောက်လေ့လာခဲ့ကြောင်း၊ နတ်မောက်မြို့ ပြည်သူ့ဆေးရုံရှေ့တွင် တင်ပြစာလက်ခံဌာန ဖွင့်လှစ်ပေးခဲ့ပြီး တင်ပြစာပေါင်း ၃၀ ကျော် ရောက်ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် မေ ၁၀ ရက်မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နတ်မောက်မြို့မှတစ်ဆင့် ဗိဿနိုးမြို့သို့သွားရောက်ခဲ့ပြီး ဗိဿနိုးမြို့ဟောင်းပြတိုက်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ကြည့်ရှုလေ့လာကာ မွန်းလွဲ ၃ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ဗိဿနိုးမြို့ဟောင်းသည် မြန်မာနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပျူမြို့ဟောင်းသုံးမြို့အနက် အစောဆုံးမြို့ဟောင်းဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ခန့်က တည်ရှိခဲ့သော မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်တု (ပုံသေး) ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သံအမတ်ကြီးတို့ ဖွင့်လှစ်စဉ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
