ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသည့် CNG သုံးမော်တော်ယာဉ်များ အဆင်ပြေစေရန်အတွက် CNG အရောင်းဆိုင်အားလုံးကို ၂၄ နာရီ ဖွင့်လှစ်ရောင်းချပေးနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။
မေ ၉ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် CNG သုံးမော်တော်ယာဉ်များ အခက်အခဲကြုံတွေ့နေရခြင်းများနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်မလဲဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိနွေရာသီကာလမှာတော့ ကျွန်တော်တို့ရန်ကုန်က တချို့ CNG ဆိုင်တွေမှာ ဓာတ်အားပြတ်တောက်မှုတွေ ရှိပါတယ်။ CNG ဆိုင်တွေမှာလည်း Generator Gas Engine နဲ့လည်တဲ့ Generator Engine တွေထားပေးထားပါတယ်။ လက်ရှိရန်ကုန်မှာ စုစုပေါင်း CNG အရောင်းဆိုင်က ၄၁ ဆိုင်ရှိ ပါတယ်။ မူလအစီအစဉ်ကတော့ ၂၄ နာရီ ပုံမှန်ရောင်းနေတဲ့ဆိုင်က ၂၀ ရှိပါတယ်။ နောက်တစ်ခါ ၁၆ နာရီပေါ့။ နှစ်ဆိုင်းပေါ့။ ဝန်ထမ်းအင်အား အနေအထားနဲ့ နှစ်ဆိုင်းနဲ့ CNG အရောင်းဆိုင်က ၁၅ ဆိုင်ရှိပါတယ်။ ရှစ်နာရီ သဘာဝဓာတ်ငွေ့အရောင်းဆိုင်က ခြောက်ဆိုင်ရှိပါတယ်။ အခုလိုအချိန်မှာ ကျွန်တော်တို့ CNG အရောင်းဆိုင်တွေကို လျှပ်စစ်ဓာတ်အား အချိန်ပိုင်းနဲ့လှည့်ပြီးတော့ ပေးတဲ့အချိန်မှာ လက်ရှိ ၁၆ နာရီရောင်းတဲ့ CNG ဆိုင် ၁၅ ဆိုင်ကို အဆင်ပြေအောင်လို့ဆိုပြီးတော့ ၂၄ နာရီ အပြည့်ဖွင့်ပေးထားပါ တယ်။ အဲဒီ ၂၄ နာရီအတွင်းမှာ လျှပ်စစ်မီးလာတဲ့အချိန်မှာ CNG ကားတွေလာရင် ကျွန်တော်တို့အားလုံး အဆင်ပြေအောင် ထည့်ပေးပါတယ်။ ရှစ်နာရီရောင်းတဲ့ CNG ဆိုင်ခြောက်ဆိုင်ကိုလည်း ကျွန်တော်တို့ ၂၄ နာရီ ဖွင့်ပေးထားပါတယ်။ ၂၄ နာရီအတွင်းမှာ ကျွန်တော်တို့ လျှပ်စစ်မီးကတော့ အလှည့်ကျပေးတာ ဖြစ်တဲ့အတွက်ကြောင့် လျှပ်စစ်မီးလာတဲ့ အချိန်မှာ CNG ကားတွေ ထည့်ပေးလို့ရအောင်လို့အတွက် စီစဉ်ထားပါတယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်အစီးရေ ၂၈၂၉၉ စီးရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် CNG အရောင်းဆိုင်နှစ်ဆိုင်၊ ရေနံချောင်းမြို့နယ်တွင် CNG အရောင်းဆိုင်နှစ်ဆိုင်နှင့် ချောက်မြို့နယ်တွင် CNG အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပြီး တစ်နေ့လျှင် ၂၄ နာရီပိတ်ရက်မရှိ ရောင်းချပေးနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ဦးကျော်ဝင်းက “သဘာဝဓာတ်ငွေ့ အနေနဲ့ကတော့ အရင်နှစ်တွေတုန်းကတော့ တစ်ရက်ကို ကုဗပေတန်ပေါင်း ၂၀ MMS ပေးနိုင်ပါတယ်။ အခုနောက်ပိုင်း ကျွန်တော်တို့ YBS ကားတွေ ရောက်လာတဲ့အချိန်မှာ အစီး ၂၀၀၀ နီးပါးလောက် ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ CNG ကို တိုက်ရိုက်ထည့်ပေးပါ တယ်။ သူက YBS ကားတွေမှာ CNG ကားတွေက တောက်လျှောက် ဆလင်ဒါပါလာပါတယ်။ အဲဒီကားတွေကို ကျွန်တော်တို့ CNG တောက်လျှောက်ထည့်ပေးပါတယ်။ စုစုပေါင်း ၂၂ တန်လောက်ကို ကျွန်တော်တို့ Gas ထည့်ပါတယ်။ ကုန်းတွင်းဓာတ်ငွေ့ ညောင်တုန်း၊ မအူပင်က ထွက်ရှိနေတဲ့ ကုန်းတွင်းဓာတ်ငွေ့ကို ပေးပါတယ်။ ဓာတ်ငွေ့အနေနဲ့ကတော့ လုံလောက်မှုရှိပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် ဝန်အားလျှော့ချ၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေရခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားပါက သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်များအနေဖြင့် CNG အရောင်းဆိုင်များ၌ ဓာတ်ငွေ့ဖြည့်ရာတွင် စောင့်ဆိုင်းရခြင်းများရှိသော်လည်း CNG သုံးမော်တော်ယာဉ်များ အဆင်ပြေစေရန် အတွက် CNG ရောင်းချသည့်ဆိုင်များကို ၂၄ နာရီ ဖွင့်လှစ်ရောင်းချပေးနေကြောင်း ဦးကျော်ဝင်းက ပြောကြားသည်။
“ပြတ်တောက်မှုဖြစ်တဲ့အခါမှာတော့ ဆိုင်မှာလာပြီး တန်းစီတဲ့ကားတွေကို ထည့်ပေးဖို့ အခက်အခဲရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီမှာ Standby ထားတဲ့ Generator Engine တွေကို တချို့ဆိုင်တွေမှာ စီစဉ်ထားပါတယ်။ အဲဒီ Generator Engine တွေလည်ပြီးတော့ထည့် ပေးပါတယ်။ အဲဒီတော့နှစ်ဆိုင်းခွဲထားတဲ့ ၁၆ နာရီ ဆိုင်တွေကိုလည်းပဲ ၂၄ နာရီ ဖွင့်ပေးခြင်းအားဖြင့် လျှပ်စစ်ပြတ်တောက်တဲ့ အချိန်မှာတော့ နည်းနည်းစောင့်ရတဲ့ အပိုင်းတွေတော့ရှိမှာပေါ့” ဟု ဦးကျော်ဝင်းက ပြောကြားသည်။
CNG သုံးခရီးသည်တင်ယာဉ်များ အသုံးပြုနိုင်ရန်အတွက် ရေနံမြေများမှ ထွက်ရှိသည့် ကုန်းတွင်းသဘာဝဓာတ်ငွေ့ဖြင့် နေ့စဉ် ကုဗပေ ၂၃ သန်းကျော်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ CNG ဆိုင်အမှတ်(၀၀၇) ဘုရင့်နောင်၊ ဆိုင်အမှတ်(၀၁၅) ဒဂုံအရှေ့(၁)နှင့် ဆိုင်အမှတ်(၀၁၄) ရွှေပြည်သာ(၁) ဆိုင်များရှိ L-Type & ZW-Type Compressor များသည် ၂၀၁၅ ခုနှစ်မှစ၍ အသုံးပြုခဲ့ပြီး သက်တမ်းကြာမြင့်ခြင်းကြောင့် စက်စွမ်းရည်ကျဆင်းလာသဖြင့် Maintained ပြုလုပ်နိုင်ရန်နှင့် စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေး အစားထိုးတပ်ဆင်နိုင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့် တင်ဒါခေါ်ယူ၍ အီတလီနိုင်ငံ SAFE ကုမ္ပဏီမှ စက်အသစ် သုံးစက်ကို ပစ္စည်းအသစ်ဝယ်ယူရေး စာချုပ်ချုပ်ဆိုကာ ပစ္စည်းရောက်ရှိပါက ၂၀၁၉ ခုနှစ်အတွင်း တပ်ဆင်အသုံးပြုနိုင် မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
