Top News

အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးချိန်အထိ ဆူဒန်ကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှဆိုင်းငံ့မည်
24htopnews | November 23, 2024 10:12 AM CST

ဆူဒန်တွင် သေဆုံးသူ ၁၀၀ ကျော်ရှိ သည်ဟုဆိုသော ပဋိပက္ခကို ဖြေရှင်းရန်အတွက် အရပ်သားဦးဆောင်သည့် အသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းရန် အာဖရိကသမဂ္ဂက ဇွန် ၆ ရက်တွင် တောင်းဆိုခဲ့ပြီး ယင်းသို့ ဖွဲ့စည်းပြီးသည့်အချိန်အထိ ဆူဒန်အား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဆူဒန်အား လက်ရှိပဋိပက္ခမှ ထွက်ခွာနိုင်ရန် တစ်ခုတည်းသောနည်းလမ်းအဖြစ် အရပ်ဘက်ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့ အာဏာမသက်ဝင်မီအထိ ဆူဒန်ရီပတ်ဘလစ်နိုင်ငံအား အာဖရိကသမဂ္ဂ၏ လုပ်ဆောင်မှုအားလုံးတွင် ပါဝင်မှုကို အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကောင်စီက ချက်ချင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အာဖရိကသမဂ္ဂက Twitter တွင် ထုတ်ပြန်ခဲ့သည်။

မြို့တော်ခါတွန်ရှိ စစ်ဌာနချုပ်အပြင်ဘက်တွင် သီတင်းပတ်နှင့်ချီ ထိုင်သပိတ်ပြနေသည့် ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွင်းမှုများအတွင်း လူဒါဇင်များစွာ သေဆုံးခဲ့သည်ဟု ဆူဒန်အာဏာပိုင်များက ဝန်ခံခဲ့သည်။ သို့သော် နိုင်းမြစ်ထဲမှ အလောင်း ၄၀ ခန့်အား ဆယ်ယူရရှိခဲ့ကြောင်း ဆရာဝန်များက ဇွန် ၅ ရက်တွင် ပြောကြားခဲ့ရာ သေဆုံးသူအရေအတွက်သည် ၁၀၈ ဦးထက် မနည်းအထိ မြင့်တက်လာခဲ့သည်။

လပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပြီးခဲ့သောဧပြီတွင် ကာလရှည်သမ္မတ အိုမာအယ်ဘာရှားအား စစ်ဘက်က ရာထူးမှဖယ်ရှားခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီးများက အာဏာကို အရပ်သားများထံ လွှဲပေးရန်အတွက် ဆန္ဒပြသူထောင်ပေါင်းများစွာက စစ်ဌာနချုပ်အပြင်ဘက်တွင် စခန်းချ၍ တောင်းဆိုခဲ့ကြသည်။

အာဏာလွှဲပေးမှုအား အဆင်ချောစေရန်အတွက် အာဖရိကသမဂ္ဂက ဆူဒန်စစ်ဗိုလ်ချုပ်များအား တိုက်တွန်းခဲ့သော်လည်း ဇွန် ၃ ရက်တွင် ဆန္ဒပြသူများအား လုံခြုံရေးတပ် ဖွဲ့ဝင်များက ရက်ရက်စက်စက်ဖြိုခွင်းမှုများ ဖြစ်ပွားခဲ့သည်။ ထိုအကြမ်းဖက်ဖြိုခွင်းမှုများအတွက် တာဝန်ရှိသူများအား တရားခွင်တင်နိုင်ရေးအတွက် လုပ်ဆောင်ရန် အာဖရိက သမဂ္ဂကို ဖိအားမြင့်တက်လာခဲ့သည်။

လူသေဆုံးမှုများပြားသော ဖြိုခွင်းမှု အပြီးတွင် ပဋိပက္ခဖြစ်ပွားနေသည့် ဆူဒန်တွင် အခြေအနေ တည်ငြိမ်မှုပြန်လည်ရရှိရန်သည် အလွန်အမင်းအရေးကြီးကြောင်း နှင့် ဆူဒန်တွင် ပြည်ပမှ ဝင်ရောက်စွက်ဖက် နေမှုများကို ဆန့်ကျင်ကြောင်း ရုရှားက ဇွန် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဆူဒန်စစ်ဘက် ကောင်စီနှင့် အတိုက်အခံများအပါအဝင်  ဆူဒန်ရှိ နိုင်ငံရေးအင်အားစု အားလုံးနှင့်  အဆက်အသွယ်ရှိသည့် ရုရှားက ထိုပဋိပက္ခအား ဖြေရှင်းနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းလိုကြောင်း ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး မီခေးဘော့ဒါနော့ဗ်က စိန့်ပီတာစဘတ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အခြေအနေများ တည်ငြိမ်မှုပြန်လည် ရရှိရန်အပြင် အစွန်းရောက်များအား တိုက်ခိုက်ရန်အတွက်လည်း အရေးကြီးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ ဆူဒန်တွင် ဆန္ဒပြသူများအား ဖြိုခွင်းခဲ့မှုကို ရှုတ်ချရန် လုံခြုံရေးကောင်စီ၌ ကြိုးပမ်းမှုအား တရုတ်နှင့် ရုရှားတို့က ဇွန် ၄ ရက်တွင် ပိတ်ဆို့ခဲ့သည်။         Ref ; AFP


READ NEXT
Cancel OK