နှစ်ပေါင်း ၅၀ ကျော်အတွင်း ရန်ကုန်မြို့နှင့် ကျောက်ဖြူမြို့တွင် မိုးရေချိန် စံချိန်သစ်တင်ကာ ရွာသွန်းခဲ့ကြောင်း သြဂုတ် ၁၇ ရက်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။
ကျောက်ဖြူ၌ နှစ်ပေါင်း ၅၈ နှစ်အတွင်း မိုးရေချိန်စံချိန်သစ်အဖြစ် ၅၀၂ မီလီမီတာ၊ ၁၉ ဒသမ ၇၆ လက်မဖြင့် စံချိန်သစ်တင်ခဲ့ပြီး ယခင်စံချိန်ဟောင်းမှာ ၁၉၉၄ ခုနှစ် သြဂုတ် ၆ ရက်က ၂၇၂ မီလီမီတာ၊ ၁၀ ဒသမ ၇၀ လက်မဖြင့် တင်ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်(ကမ္ဘအေး)တွင် နှစ်ပေါင်း ၅၄ နှစ်အတွင်း မိုးရေချိန်စံချိန်သစ်အဖြစ် မီလီမီတာ ၁၇၀၊ ၆ ဒသမ ၆၉ လက်မဖြင့် စံချိန်သစ်တင်ခဲ့ပြီး ယခင်စံချိန်ဟောင်းမှာ ၂၀၁၉ ခုနှစ် သြဂုတ် ၇ ရက်က ၁၄၉ မီလီမီတာ၊ ၅ ဒသမ ၈၇ လက်မဖြင့် တင်ရှိခဲ့ကြောင်း မိုးဇလမှ သိရသည်။
အဆိုပါမိုးရေချိန် စံချိန်သစ်တင်ပြီး ရွာသွန်းခဲ့ခြင်းမှာ အရှေ့လေပွေလှိုင်းသည် ရန်ကုန်တိုင်းကို ဖြတ်သွားသည့်အတွက် ရွာသွန်းခြင်းဖြစ်ကြောင်း၊ အရှေ့လေပွေလှိုင်းသည် လက်ရှိတွင် အနောက်-နောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး ဧရာဝတီတိုင်းဒေသကြီးတွင်လည်း စံချိန်သစ်တင်ကာ ရွာသွန်းနိုင်ခြေရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။
“ရန်ကုန်မှာ စံချိန်တင်ပြီး ရွာသွန်းခဲ့တာကတော့ အရှေ့လေပွေလှိုင်းဖြတ်သွားတာပေါ့နော်။ လေပွေလှိုင်းက ရန်ကုန်တိုင်းကို ဖြတ်ပြီးတော့ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေတယ်ပေါ့။ ရန်ကုန်မှာ ထပ်ပြီးတော့ စံချိန်သစ်တင်အောင်တော့ မရွာတော့ပါဘူး။ ဒါပေမယ့်လည်း နေရာကွက်ပြီး မိုးတော့ကြီးနိုင်သေးတယ်ပေါ့။ ဧရာဝတီတိုင်းဘက်မှာတော့ စံချိန်တင် ရွာနိုင်ခြေတော့ ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆိုသည်။
ထိုသို့ မိုးရေချိန် စံချိန်သစ်တင်သည့်အတွက် သြဂုတ် ၁၇ ရက် နံနက်အစောပိုင်းမှစ၍ ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုများ ကြီးမားစွာဖြစ်ပွားပြီး ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ယင်းကဲ့သို့ မိုးရွာသွန်မှုများပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်လျှင် မြွေ၊ ကင်း စသဖြင့် အန္တရာယ်ရှိအကောင်များကို သတိပြုရန်နှင့် ဓာတ်လိုက်မှု အန္တရယ်များကိုလည်း သတိပြုရန် လိုအပ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။
လာမည့်နှစ်ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်း မိုးဇလမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
