ငွေကြေးဖောင်းပွမှုသည် ကာလအတန်ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး လူအများစားသုံးသည့် အခြေခံကုန်စည်များ၏ စျေးနှုန်းများဆက်တိုက်မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟုဆိုလိုခြင်း ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေးရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာသည့်အခါ တူညီသောငွေကြေးယူနစ်ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုသည် ငွေကြေး၏ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူနစ်၏တန်ဖိုးကို လျော့ကျစေခြင်းဖြစ်သည်။
ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်း အညွှန်းတစ်ရပ်ဖြင့် နှစ်စဉ်ရာခိုင်နှုန်းအပြောင်းအလဲကို ဖော်ပြကာအဆိုပါအညွှန်းကို စားသုံးသူစျေးဆနှုန်း (CPI – Comsumer Price Index) ဟု ခေါ်ဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ တဖြည်းဖြည်း ပြန်လည်ကျဆင်းခဲ့ရာ နိုဝင်ဘာလတွင် ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်း အနိမ့်ဆုံးအဖြစ် ၄ ဒသမ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းလာခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် မတ်လအတွင်း လောင်စာဆီများ အပါအဝင် သယ်ယူပို့ဆောင်ရေးအုပ်စု၏ စျေးနှုန်း ၁၀ ရာခိုင်နှုန်းနီးပါးနှင့် အထွေထွေကုန် ပစ္စည်းအုပ်စုဝင်များ ခြောက်ရာခိုင်နှုန်းကျော် မြင့်တက်ခြင်းနှင့်အတူ အခြားသော အဝတ်အထည်၊ ပြင်ပအစားအစာအုပ်စုများ၏ စျေးနှုန်းများ အသီးသီးမြင့်တက်လာခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။
“စျေးတက်တာတော့ ပြောမနေနဲ့တော့။ အရင်ကစားနေကျ ငါးလီတာဆီတစ်ဘူးကို ၁၂၀၀၀၊ ၁၃၀၀၀ လောက်ကနေ အခုဆိုရင် ၁၆၅၀၀ စျေးဖြစ်သွားပြီ။ အခြားကုန်တွေလည်း အကုန်တက်တယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်မှ စားသောက်ကုန်ရောင်းချသည့်ဆိုင်မှ ဆိုင်ရှင်တစ်ဦးက ပြောပြသည်။
၂၀၂၁ ခုနှစ် မတ်လအတွက် ထုတ်ပြန်သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၂၀ ပြည့်နှစ် မတ်လကထက် အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ၂ ဒသမ ၀၆ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၏ စျေးဆနှုန်းမှာ သုည ဒသမ ၃၁ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု၏စျေးဆနှုန်းမှာ သုည ဒသမ ၆၇ ရာ ခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၏စျေးဆနှုန်းမှာ ၁ ဒသမ ၉၅ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၏စျေးဆနှုန်းမှာ ၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု၏ စျေးဆနှုန်းမှာ ၁ ဒသမ ၉၇ ရာခိုင်နှုန်းနှင့် သယ်ယူပို့ဆောင်ရေးအုပ်စု၏ စျေးဆနှုန်းမှာ ၉ ဒသမ ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၁ ခုနှစ် မတ်လအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၄ ဒသမ ၂၉ ရာခိုင်နှုန်းဖြစ်ရာ ယခင်နှစ်အလားတူလ၏ စားသုံးသူစျေးဆနှုန်း ၁၆၀ ဒသမ ၀၆ နှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၆၄ ရာခိုင်နှုန်း မြင့်တက်လာသည်။
ဆက်သွယ်ရေးအုပ်စုစျေးဆနှုန်းမှာ ကျဆင်းလာသော်လည်း ကျန်အုပ်စုများ၏ စျေးဆနှုန်းမှာ ယခင်နှစ်အလားတူကာလ နှင့်နှိုင်းယှဉ်ပါက အသီးသီးမြင့်တက်ခဲ့ခြင်း ဖြစ်သည်။
အစားအစာအုပ်စု
အစားအစာအုပ်စု၏စျေးဆနှုန်းမှာ ၂၀၂၁ ခုနှစ် မတ်လ၌ ၁၇၅ ဒသမ ၉၅ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်လအခြေအနေ ၁၇၂ ဒသမ ၄ဝနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၀၆ ရာခိုင်နှုန်းမြင့်တက်လာသည်။
ဆန်(ဧည့်မထ) ၆ ဒသမ ၆၉ ရာခိုင်နှုန်း၊ မြေပဲဆီ ၂ ဒသမ ၂၄ ရာ ခိုင်နှုန်း၊ နှမ်းဆီ ၃ ဒသမ ၁၄ ရာခိုင်နှုန်း၊ စားအုန်းဆီ ၄၁ ဒသမ ၄၃ ရာ ခိုင်နှုန်း၊ ဝက်သား ၄ ဒသမ ၂၄ ရာခိုင်နှုန်း၊ အမဲသား ၁ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပုစွန်ခြောက် ၁ ဒသမ ၆၄ ရာခိုင်နှုန်း၊ ငါးရံ့ခြောက် ၁ ဒသမ ၈၈ ရာခိုင်နှုန်း၊ရေကျိုငါးပိ ၁ ဒသမ ၄၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာသည်။
သို့သော် ကြက်သား ၃ ဒသမ ၀၇ ရာခိုင်နှုန်း၊ ဘဲဥ ၇ ဒသမ ၄၁ ရာခိုင်နှုန်း၊ ကြက်ဥ ၃ ဒသမ ၀၆ ရာခိုင်နှုန်း၊ ငါးခူ ၂ ဒသမ ၅၄ ရာခိုင်နှုန်း၊ငါးရံ့ ၁ ဒသမ ၉၀ ရာခိုင်နှုန်း၊ ငါးမြစ်ချင်း ၂ ဒသမ ၉၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အလားတူ စားဖိုဆောင်သုံး ပစ္စည်းများဖြစ်သော အာလူးသုည ဒသမ ၅၂ ရာခိုင်နှုန်း၊ ကြက်သွန်ဖြူ ၁၂ ဒသမ ၀၄ ရာခိုင်နှုန်းနှင့် ကြက်သွန်နီစျေးနှုန်းတို့မှာ ၅၁ ဒသမ ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ကုလားပဲခြမ်း သုံးရာခိုင်နှုန်းနှင့် ပဲနီလေးစျေးနှုန်း ၃၂ ဒသမ ၉၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ရာသီ ပေါ်သီးနှံဖြစ်သော ဘူးသီး ၉ ဒသမ ၄၇ ရာခိုင်နှုန်း၊ ဂေါ်ဖီထုပ် ၁၆ ဒသမ ၀၇ ရာခိုင်နှုန်း၊ မုန်လာဥဖြူ ၆ ဒသမ ၇၄ ရာခိုင်နှုန်း၊ ကန်စွန်းရွက် သုည ဒသမ ၈၆ ရာခိုင်နှုန်း၊ ချဉ်ပေါင်ရွက် ၄ ဒသမ ၅၃ ရာခိုင်နှုန်းနှင့် ပဲတောင့်ရှည်သီး ၂ ဒသမ ၉၉ ရာခိုင်နှုန်းကျဆင်းလာပြီး ခရမ်းသီး ၁၁ ဒသမ ၇၉ ရာခိုင်နှုန်း၊ ခရမ်းချဉ်သီး ၄၅ ဒသမ ၁၅ ရာခိုင်နှုန်းနှင့် သခွားသီး ၂ ဒသမ ၆၄ ရာခိုင်နှုန်းဖြင့် စျေးအသီးသီးမြင့်တက်လာသည်။
ပြင်ပအစားအသောက်အုပ်စု၏ စျေးဆနှုန်းမှာ ၂၀၂၁ ခုနှစ် မတ်လ၌ ၁၄၂ ဒသမ ၇၃ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်လအခြေအနေ ၁၃၇ ဒသမ ၃၅ နှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၉၂ ရာခိုင်နှုန်းမြင့်တက်လာသည်။
ယင်းအုပ်စုတွင် ပါဝင်သော အကြော်စုံ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ၊ ခေါက်ဆွဲကြော်/ကြာဆံကြော်၊ ကြေးအိုး၊ ထမင်းနှင့်ဟင်း၊ ဒံပေါက်၊ လက်ဖက်ရည်/ကော်ဖီ၊ ရေခဲမုန့်၊ လက်ဖက်အစိုနှင့် နှစ်ပြန်ကြော် စျေးနှုန်းများမှာ ယခင်နှစ်ထက် မြင့်တက်နေသည်။
သယ်ယူပို့ဆောင်ရေးအုပ်စု
သယ်ယူပို့ဆောင်ရေးအုပ်စု၏ စျေးဆနှုန်းမှာ ၂၀၂၁ ခုနှစ် မတ်လ၌ ၁၁၇ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်လအခြေအနေ ၁၀၆ ဒသမ ၄၇ နှင့်နှိုင်းယှဉ်ပါက ၉ ဒသမ ၈၉ ရာခိုင်နှုန်းမြင့်တက်လာသည်။
ယင်းအုပ်စုစျေးဆနှုန်းတွင် ပါဝင်သော ပြည်ပမှတင်သွင်းသည့် ဒီဇယ်ဆီစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ဒီဇယ်တစ်စည်လျှင် ဒေါ်လာ ၄၅ ဒသမ ၅၂ ရှိရာမှ ၂၀၂၁ ခုနှစ် မတ်လတွင် ဒေါ်လာ ၇၉ ဒသမ ၄၆ သို့ သိသာစွာ မြင့်တက်လာသကဲ့သို့ ပြည်တွင်းဒီဇယ်ဆီစျေးနှုန်းမှာ ၂၀၂၀ ပြည့်နှစ် မတ်လတွင် တစ်ဂါလန်လျှင် ၃၁၄၀ ဒသမ ၄၅ ကျပ်ရှိရာမှ ၂၀၂၁ ခုနှစ် မတ်လတွင် ၃၉၃၂ ဒသမ ၈၇ ကျပ်သို့ မြင့်တက်လာသည်။
အလားတူ ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီစျေးနှုန်းမှာ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ဓာတ်ဆီတစ်စည်လျှင် ဒေါ်လာ ၃၇ ဒသမ ၄၄ ရှိရာမှ ၂၀၂၁ ခုနှစ် မတ်လတွင် ဒေါ်လာ ၈၂ ဒသမ ၉၉ သို့ သိသိသာသာ မြင့်တက်လာသကဲ့သို့ ပြည်တွင်းဓာတ်ဆီစျေးနှုန်းမှာ ၂၀၂၀ ပြည့်နှစ် မတ်လတွင် တစ်ဂါလန်လျှင် ၂၉၂၉ ဒသမ ၃၃ ကျပ် ရှိရာမှာ ၂၀၂၁ ခုနှစ် မတ်လတွင် ၃၈၉၇ ဒသမ ၇၀ ကျပ်သို့ မြင့်တက်လာသည်။
ယင်းအုပ်စုတွင်ပါဝင်သော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဘတ်စ်ကားခ (မြို့တွင်း/နယ်ဝေး)နှင့် အငှားယာဉ်ခ စျေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသည်။
အခြားအုပ်စုများ
အဝတ်အထည်အုပ်စု၏စျေးဆနှုန်းမှာ ၂၀၂၁ ခုနှစ်မတ်လ၌ ၁၃၀ ဒသမ ၅၇ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်လအခြေအနေ ၁၂၉ ဒသမ ၆၉ နှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၆၇ ရာခိုင်နှုန်းမြင့်တက်လာသည်။
အိမ်လခနှင့်အိမ်ပြင်ခအုပ်စု၏ စျေးဆနှုန်းမှာ ၂၀၂၁ ခုနှစ် မတ်လ၌ ၂၀၃ ဒသမ ၇၅ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်လအခြေအနေ ၁၉၉ ဒသမ ၈၅ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၉၅ ရာခိုင်နှုန်း မြင့်တက်လာသည်။ ယင်းအုပ်စုတွင် ပါဝင်သော ဓနိ/သက်ကယ်၊ ၀ါး၊ ကျွန်း သစ်၊ သစ်မာ၊ သွပ်၊ အိမ်ပြင်အလုပ်သမားခ၊ ရေဖိုး၊ ဒီဇယ်ဆီ၊ ထင်းနှင့် မီးသွေးစျေးနှုန်းများမှာ ယခင်နှစ်ထက် မြင့်တက်လာသည်။
အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၏စျေးဆနှုန်းမှာ ၂၀၂၁ ခုနှစ် မတ်လ၌ ၁၃၅ ဒသမ ၂၁ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်အခြေအနေ ၁၃၃ ဒသမ ၅၄ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၂၅ ရာခိုင်နှုန်း မြင့်တက်လာသည်။ ယင်းအုပ်စုတွင် ပါဝင်သော ပရိဘောဂပစ္စည်းများဖြစ်သည့် ခုတင်နှင့် ဗီရိုစျေးနှုန်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဖျာ (သင်ဖြူး /၀ါး)၊ မျက်နှာသုတ်ပဝါ၊ ခြင်ထောင်၊ စောင်၊ ထမင်းပေါင်းအိုး၊ ရေခဲသေတ္တာ၊ အပ်ချုပ်စက်၊ ဒန်အိုး၊ သောက်ရေအိုး၊ ရေသန့်ဘူးကြီး၊ ရေစုပ်စက်၊ ဓာတ်ခဲ၊ မီးချောင်း၊ ဓာတ်မီး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ဖယောင်းတိုင်နှင့် အိမ်အကူအလုပ်သမားခစျေးနှုန်းများမှာ ယခင်နှစ်ထက် မြင့်တက်လာကြောင်း တွေ့ရှိရသည်။
ကျန်းမာရေးအုပ်စု၏စျေးဆနှုန်းမှာ ၂၀၂၁ ခုနှစ် မတ်လ၌ ၁၆၅ ဒသမ ၀၂ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်လအခြေအနေ ၁၆၁ ဒသမ ၈၃ နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်လျက်ရှိသည်။ ယင်းအုပ်စုတွင်ပါဝင်သော ဆေးစျေးနှုန်းများ၊ စမ်းသပ်ခ (ရိုးရိုး/ အထူးကု) နှင့် ဆေးရုံစရိတ်စျေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသည်။
ဆက်သွယ်ရေးအုပ်စု၏ စျေးဆနှုန်းမှာ ၂၀၂၁ ခုနှစ် မတ်လ၌ ၁၀၁ ဒသမ ၁၅ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်လအခြေအနေ ၁၃၁ ဒသမ ၃၃ နှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၁၈ ရာခိုင်နှုန်း ကျဆင်းလာသည်။ ယင်းအုပ်စုတွင် ပါဝင်သော မိုဘိုင်းလ်ဖုန်း စျေးနှုန်းများမှာ Model အသစ်ဝင်ရောက်မှုများရှိနေပြီး Model အဟောင်းများ၏စျေးနှုန်းများမှာ ကျဆင်းလာသောကြောင့် ယခင်နှစ်ကထက် စျေးကျလာသည်။
ပညာရေးအုပ်စု၏စျေးနှုန်းမှာ ၂၀၂၁ ခုနှစ် မတ်လ၌ ၁၄၀ ဒသမ ၀၄ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်လအခြေအနေနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်။
အထွေထွေကုန်ပစ္စည်းအုပ်စု၏ စျေးဆနှုန်းမှာ ၂၀၂၁ ခုနှစ်မတ်လ၌ ၁၅၁ ဒသမ ၁၃ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်လအခြေအနေ ၁၄၇ ဒသမ ၅၇ နှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၄၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။
ယင်းအုပ်စုတွင် ပါဝင်သော ကုန်ပစ္စည်းအများစုကို ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းများ မြင့်တက်လာခဲ့ရာ၌ ဆံပင်ညှပ်ခ (ကျား/မ)၊ ကိုယ်တိုက်ဆပ်ပြာ၊ သနပ်ခါး၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းလျှော်ရည်၊ မုတ်ဆိတ်ရိတ်ဓားနှင့် မျက်နှာလိမ်းပေါင်ဒါနှင့် ထီးစျေးနှုန်းများ မြင့်တက်လာသည့်အပြင် ရွှေထည်ပစ္စည်းစျေးနှုန်းမှာ ၁၄ ဒသမ ၈၂ ရာခိုင်နှုန်းနှင့် လက်ဝတ်ရတနာစျေးနှုန်းမှာ ၁၄ ဒသမ ၀၈ ရာခိုင်နှုန်းတို့ဖြင့် သိသာစွာ မြင့်တက်လာခဲ့သည်။
အစားအစာ မဟုတ်သောအုပ်စု၏ စျေးဆနှုန်းမှာ ၂၀၂၁ ခုနှစ် မတ်လ၌ ၁၄၇ ဒသမ ၈၉ ရှိ၍ ၂၀၂၀ ပြည့်နှစ် မတ်လအခြေအနေ ၁၄၂ ဒသမ ၆၉ နှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၆၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အစားအစာမဟုတ်သော အုပ်စုများအနက် ဆက်သွယ်ရေးအုပ်စု ကျဆင်းလာသည်မှလွဲ၍ ကျန်အုပ်စုများ၏ စျေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသောကြောင့်ဖြစ်သည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် မတ်လအထိ) တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ၁၆၀ ဒသမ ၀၀ ရှိခဲ့ရာမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ၁၆၃ ဒသမ ၁၀ သို့ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၁၆၂ ဒသမ ၅၃ သို့ ပြန်လည်ကျဆင်းခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၆၃ ဒသမ ၇၃ သို့ ပြန်လည်မြင့်တက်ခဲ့ပြီး မတ်လတွင်မူ တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်း မှာ ၁၆၄ ဒသမ ၂၉ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်လအခြေအနေနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်လာသည်။
၂၀၂၁ ခုနှစ် မတ်လတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းကိုကြည့်လျှင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့တို့တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် မြင့်တက်နေကြောင်း၊ လအလိုက်ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် မွန်ပြည်နယ်တွင် သုည ဒသမ ၉၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်နေပြီး မန္တလေးတိုင်းဒေသကြီးတွင် (-သုည ဒသမ ၀၁) ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် မတ်လအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၄ ဒသမ ၂၉ ဖြစ်ရာ ယခင်လအခြေအနေ ၁၆၃ ဒသမ ၇၃ နှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်လာသည်။
အလားတူ အစားအစာအုပ်စု၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ သယ်ယူပို့ဆောင်ရေးအုပ်စုနှင့် အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုတို့မှာ မြင့်တက်လျက်ရှိပြီး ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၊ အဝတ်အထည်အုပ်စု၊ ပြင်ပအစားအသောက်အုပ်စုနှင့် အထွေထွေကုန်ပစ္စည်းအုပ်စုတို့မှာမူ ကျဆင်းလျက်ရှိသည်။
၂၀၂၁ ခုနှစ် မတ်လအတွင်း ယခင်လကထက် အစားအစာအုပ်စု၏ စျေးဆနှုန်း သုည ဒသမ ၃၇ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၏ စျေးဆနှုန်း သုည ဒသမ ၄၇ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၏ စျေးဆနှုန်း သုည ဒသမ ၀၃ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးအုပ်စု၏ စျေးဆနှုန်း ၁ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်လာသည်။
၂၀၂၁ ခုနှစ် မတ်လအတွင်း မြန်မာကျပ်ငွေနှင့် ဒေါ်လာငွေလဲလှယ်နှုန်းမှာ ယခင်လကထက် ၁ ဒသမ ၁၉ ရာခိုင်နှုန်း မြင့်တက်လာသည်။ မတ်လအတွက် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်သည်။
မတ်လအထိ ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်း အခြေအနေများကို တရားဝင်ထုတ်ပြန်ထားသေးသော်လည်း လက်ရှိကာလတွင် ယင်းအခြေအနေများထက် အထွေထွေစရိတ်စက စျေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။
ငွေကြေးဖောင်းပွမှုနှုန်း ကာလကြာရှည် မြင့်မားနေခြင်းသည် ငွေကြေးဆိုင်ရာ မူဝါဒမှားယွင်းမှု၊ ငွေကြေးရိုက်ထုတ်မှုများပြားမှု၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှု၊ နိုင်ငံ့ငွေတန်ဖိုးကျဆင်းမှု၊ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား အဆမတန်မြင့်တက်မှု၊ အနိမ့်ဆုံးလုပ်ခလစာနှုန်း၊ စားနပ်ရိက္ခာစျေးနှုန်းများ မြင့်တက်မှု၊ ရေနံစျေး၊ လျှပ်စစ်ဓာတ်အားခကဲ့သို့ အခြေခံစျေးနှုန်းများ မြင့်တက်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ အရင်းအနှီးစျေးကွက်၊ စတော့စျေးကွက်များ ကမောက်ကမ ဖြစ်ပေါ်မှု၊ ဘဏ်တိုးနှုန်းပြောင်းလဲမှု၊ အစိုးရအသုံးစရိတ်များပြားမှု၊ ကောလာဟလသတင်းများ ဖြစ်ပေါ်မှု၊ ပြည်သူများ၏ နိုင်ငံ့စီးပွားရေးအပေါ် ယုံကြည်စိတ် ပျောက်ဆုံးမှုစသည့် အကြောင်းအရာများနှင့် သက်ဆိုင်နေသည်။
ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန် ရည်ရွယ်သည့်မူဝါဒသည် ငွေကြေးဖောင်းပွမှု ဖြစ်ပွားရသည့် အကြောင်းရင်းအပေါ် မူတည်ခြင်းကြောင့် အနာနှင့်ဆေးတည့်ရန် လိုအပ်သည်။
မတ်လအထိ ထုတ်ပြန်ချက်များအရ ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျလာသော်လည်း ငွေကြေးစျေးကွက်၊ အရင်းအနှီးစျေးကွက်နှင့် နိုင်ငံ့စီးပွားရေးတည်ငြိမ်ရေးအတွက် ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွနှုန်းတစ်ရပ်ဖြစ်အောင်အစိုးရနှင့် ဗဟိုဘဏ်တို့ ထိန်းကျောင်းရဦးမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
