နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နေသော အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူမျိုးတစ်မျိုးနှင့် အစုအဖွဲ့၏ အကျိုးစီးပွားကိုသာ အခြေခံပြီး ဆွေးနွေးနေပါက နိုင်ငံရေးပြဿနာကို မည်သည့်အခါမျှ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရဲဘော်မျိုးဝင်းက ပြောကြားသည်။
နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်း၌ ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) ဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် ရဲဘော်မျိုးဝင်းက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနေပြီး ထိုသို့ဆောင်ရွက်ရာ၌ လူထုအားလုံးပါဝင်မှုက အရေးကြီးသည်ဟု ဆိုသော်လည်း သန်း ၅၀ သော ပြည်သူလူထုသည် အဆိုပါနိုင်ငံရေးဆွေးနွေးပွဲတွင် တိုက်ရိုက်ပါဝင်ရန် မဖြစ်နိုင်သည့်အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များက အဆိုပါလူထုကို ကိုယ်စားပြုကာ နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်ကြိုးစားနေကြသည်ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။
“လူထုကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ လူထုကိုယ်စားပြုတဲ့ လူထုရွေးချယ်တင်မြောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူထုကိုယ်စားပြုတဲ့ လူထုက ရွေးချယ်ထားတဲ့ အစိုးရတွေ၊ ဒီနိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒီနိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်နေတဲ့ တပ်မတော်အစု အဖွဲ့တွေ ဒီအစုအဖွဲ့တွေဟာ လူထုကိုကိုယ် စားပြုပြီးတော့မှ ဒီတိုင်းပြည်ရဲ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီအဖွဲ့အစည်း အားလုံးဟာ သေချာတာကတော့ လူထုကို မျက်နှာမူရပါလိမ့်မယ်။ မိမိအဖွဲ့အစည်းရဲ့ အကျိုးစီးပွား၊ မိမိလူမျိုးတစ်မျိုးရဲ့အကျိုးစီးပွား၊ မိမိအစုအဖွဲ့ရဲ့ အကျိုးစီးပွားကိုပဲ အခြေခံပြီးတော့မှ ဆွေးနွေးနေမယ်ဆိုရင် ဘယ်တော့မှ နိုင်ငံရေးပြဿနာကို ကျွန်တော်တို့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် နိုင်ငံရေးအရ မတူညီသော အခြေခံများကို အပြန်အလှန်လေးစားမှုရှိရှိ၊ အသိအမှတ်ပြုမှုရှိရှိဖြင့် အပေးအယူအလျှော့ အတင်းလုပ်ပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲများကို ဆောင်ရွက်ရမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ရေးသည် အလွန်အရေးကြီးကြောင်း၊ လူထုကို အခြေခံ၍ သက်ဆိုင်ရာကိုယ်စားပြုသောအဖွဲ့များ ပါဝင်နိုင်ရေးသည် အလွန်အရေးကြီးကြောင်းနှင့် ကဏ္ဍအလိုက်တွင် အမျိုးသမီးများနှင့် လူငယ်ထုများပါဝင်ရေးသည် အလွန်ပင် အရေးကြီးကြောင်းကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း ရဲဘော်မျိုးဝင်းက ဆိုသည်။
“ဒီတိုင်းပြည်မှာတော့ ဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာတွေရော၊ အခြေခံပြဿနာတွေရော အများကြီးပါ။ သေချာတာကတော့ ဒီပြဿနာအားလုံးကို ကျွန်တော်တို့ တစ်ထိုင်တည်းတော့ ဖြေရှင်းဖို့ဆိုတဲ့ အနေအထားကတော့ မလွယ်ကူပါဘူး။ ဒီတိုင်းပြည်ရဲ့ ပကတိနိုင်ငံရေးအခြေအနေအားလုံးကို သုံးသပ်ကြည့်မယ်ဆိုရင် ဒီတိုင်းပြည်က ခုမှဒီမိုကရေစီအသွင် ကူးပြောင်းဖို့အတွက် ကြိုးပမ်းနေတဲ့ကာလ ဖြစ်တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အတွက် ကြိုးပမ်းနေစဉ် ကာလအတွင်းမှာ တစ်ပြိုင်တည်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် တစ်ပြိုင်တည်း လုပ်နေရတယ်။ တချို့ပညာရှင်တွေ ထောက်ပြတာက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုက တစ်ပြိုင်နက်တည်းလုပ်လို့ မရပါဘူးတဲ့။ မအောင်မြင်နိုင်ဘူးဆိုတဲ့ သုံးသပ်မှုတွေရှိတယ်” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် နိုင်ငံရေးဆွေးနွေးပွဲများကို ဆောင်ရွက်နေခြင်းဖြစ်ဟု ၎င်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
