Top News

COVID-19 ရောဂါ တွေ့ရှိသူများအနက် ရာခိုင်နှုန်း ၉၀ ခန့်မှာ လူကောင်းပကတိအတိုင်း သွားလာနေခြင်းကြောင့် ကူးစက်ပြန့်ပွားမှုကို ဟန့်တားရန် ခက်ခဲနေခြင်းဖြစ်
24htopnews | November 24, 2024 5:12 PM CST

COVID-19 ရောဂါ တွေ့ရှိသူများအနက် ရာခိုင်နှုန်း ၉၀ ခန့်မှာ လူကောင်းပကတိအတိုင်း သွားလာနေခြင်းကြောင့် ကူးစက်ပြန့်ပွားမှုကို ဟန့်တားရန် ခက်ခဲနေခြင်းဖြစ်ကြောင်း အမျိုးသားသွေးဌာန (ရန်ကုန်) အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

COVID-19 ရောဂါပြန့်ပွားမှု ၅၀ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာ မပြဘဲ ၄၀ ရာခိုင်နှုန်းသည် မပြင်းထန်သည့် ရောဂါလက္ခဏာလောက်သာ ခံစားရခြင်းကြောင့် သတိမမူ ဖြစ်နိုင်ကြောင်းနှင့် ယင်းကြောင့် ၉၀ ရာခိုင်နှုန်းသော ရောဂါပိုး သယ်ဆောင်ထားသူများသည် လူကောင်းပကတိအတိုင်း သွားလာနေကြသည့်အတွက် ကူးစက်ပြန့်ပွားမှုကို ဟန့်တားရ ခက်ခဲနေခြင်းဖြစ်ကြောင်း အမျိုးသားသွေးဌာန (ရန်ကုန်) မှ သိရသည်။

ထို့ကြောင့် အကောင်းဆုံး ကာကွယ်ခြင်းသည် လူတိုင်းမဖြစ်မနေ အကာအကွယ် ပစ္စည်းများကိုအသုံးပြုခြင်း၊ ၎င်းတို့၏ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်းဖြစ်ကြောင်း၊ အမျိုးသားသွေးဌာန အနေဖြင့် မတ်လမှစပြီး လှူဒါန်းမည့်သူများ၊ တာဝန်ကျသူများကိုပါ မဖြစ်မနေ Mask အသုံးပြုရန် ကြီးကြပ်ခဲ့ကြောင်းနှင့် ရှစ်လအကြာထိ ပိုးကူးစက်ခံရသူ မရှိသည်ကို လက်တွေ့သိရှိရကြောင်း အမျိုးသားသွေးဌာန (ရန်ကုန်) မှ သိရသည်။

မိမိကိုယ်နှင့် ပတ်ဝန်းကျင်ကို တာဝန်ယူသည့် အနေဖြင့် အားလုံး Mask တပ်ကြရန်၊ အိမ်တွင်းတွင် မိသားစုဝင် တစ်ဦးဦး နေမကောင်းဖြစ်ပါက အိမ်တွင်းတွင်လည်း Mask တပ်ရန် တိုက်တွန်းကြောင်း အမျိုးသားသွေးဌာန (ရန်ကုန်) မှ သိရသည်။

အမျိုးသားသွေးဌာနတွင်လည်း သွေးလှူဒါန်းမှု အရေအတွက်အနေဖြင့် နိုဝင်ဘာတွင် ကျန်ခဲ့သည့် နှစ်လထက် ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ လူနာများအတွက် အခက်အခဲ ပူပန်မှုကြားမှ လှူဒါန်းပေးကြသူ အားလုံးကို ဂုဏ်ယူကြောင်းနှင့် အမျိုးသားသွေးဌာန အနေဖြင့် ဆေးရုံများတွင် အလုံအလောက် သွေးသိုလှောင် ဖြန့်ဖြူးနိုင်ရန်ဆိုသည့် လူနာများကို လုံလောက်စွာ ထောက်ပံ့နိုင်မှုကို တာဝန်ယူရမည် ဖြစ်သကဲ့သို့ သွေးလာရောက် လှူဒါန်းသူများ ဘေးကင်းရန် အတွက်လည်း တာဝန်ယူရမည်ဖြစ်ကြောင်း အမျိုးသားသွေးဌာန (ရန်ကုန်) မှ သိရသည်။

ကျန်းမာရေးနှင့် ပတ်သက်သည့် အဆင်မပြေမှု တစ်ခုခုရှိခဲ့ပါက Risk ယူပြီး လာရောက် လှူဒါန်းမှု မပြုသင့်ကြောင်း၊ မိမိအိမ်တွင် သက်ကြီးရွယ်အို (သို့မဟုတ်) ဆီးချို ရောဂါ၊ နှလုံးရောဂါ စသည်ဖြင့် ခံစားနေရသူ ရှိပါကလည်း လာရောက်လှူဒါန်းမှု မပြုသင့်ကြောင်းနှင့် သွေးလှူချိန်တွင် အန္တရာယ် မရှိနိုင်သော်လည်း သွားလာသည့်အခါတွင် ပူပန်စရာ ရှိနိုင်သည့်အတွက် ဖြစ်ကြောင်း သိရသည်။

သွေးလှူဒါန်းသည့် အဆင့်တိုင်းတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသည့် အကွာအဝေးရှိအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ထားရှိပြီး အကွာအဝေး ထိန်းချုပ်မှုကြောင့် စောင့်ဆိုင်းချိန် ကြာမြင့်မှု ရှိနိုင်သဖြင့် Facebook မှစောင့်ဆိုင်းရမည့် အချိန်ကို စဉ်ဆက်မပြတ် အသိပေးနေကြောင်း အမျိုးသား သွေးဌာန (ရန်ကုန်) မှ သိရသည်။

ကျန်းမာရေး လမ်းညွှန်ချက်များတွင် COVID-19 ရောဂါ ကာကွယ်ရန်အတွက် တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်၊ တစ်ဦးနှင့် တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေအကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်၊ (လိုအပ်၍) အပြင်ထွက်ပါက၊ လူစုလူဝေးရှိသည့် နေရာများသို့သွားပါက သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်၊ လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေ အသုံးပြု၍ အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် ဆေးကြောကြပါရန် လမ်းညွှန်ထားကြောင်း သိရသည်။

 


READ NEXT
Cancel OK