Top News

စစ်ကိုင်းတိုင်းအတွင်းရှိ COVID-19 ရောဂါ ကူးစက်မှုများနေသည့် စစ်ကိုင်း၊ ရွှေဘိုနှင့် ကလေးမြို့နယ် တို့တွင် Stay at Home နေထိုင်ရန် ထုတ်ပြန်
24htopnews | November 24, 2024 5:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ COVID-19 ရောဂါပိုး ကူးစက်မှု များပြားလျက်ရှိသော စစ်ကိုင်း၊ ရွှေဘိုနှင့် ကလေးမြို့နယ်တို့တွင် ဒီဇင်ဘာ ၁၁ ရက်မှ ၂၄ ရက်အထိ Stay at Home နေထိုင်ရန်နှင့် လိုက်နာရမည့် စည်းကမ်းချက်များကို တိုင်းအစိုးရအဖွဲ့က ဒီဇင်ဘာ ၁၀ ရက် ညပိုင်းတွင် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်း၊ ရွှေဘိုနှင့် ကလေးမြို့နယ် သုံးခုတို့တွင် COVID-19 ရောဂါ ဒေသတွင်း ကူးစက်ပြန့်ပွားမှု ပိုမိုမြင့်တက် လာသည့်အတွက် အဆိုပါ မြို့နယ်များအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အသိပေး ကြေညာချက်တွင် အချက် ၁၄ ချက် ပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းထုတ်ပြန်ချက်တွင် လုပ်ကိုင်ခွင့်ပြုမည့်လုပ်ငန်းများ အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်း လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက် ဝန်ဆောင်မှုများ၊ တာဝါနှင့် ဖိုက်ဘာ ပြုပြင်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများကိုသာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုကြောင်း ပါရှိခဲ့သည်။

ယင်းသို့ လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည့် ဝန်ထမ်းများ ဝင်/ထွက်ခွင့် ရရှိရေးအတွက် လုပ်ငန်းရှင်/ကုမ္ပဏီ ပိုင်ရှင်က မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ လျှောက်ထားရယူရမည်ဖြစ်ပြီး အခြားမြို့နယ်များသို့ လုပ်ငန်းကိစ္စဖြင့် သွားရောက် လိုပါကလည်း ဝင်/ထွက်ခွင့် ကတ်ပြားများကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ လျှောက်ထားရယူရမည်ဟု ပါရှိခဲ့သည်။ ယင်းကာလတွင် တာဝန်အရ မဖြစ်မနေ ရုံးတက်ရမည့် ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းကတ်ဖြင့် သွားလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများတွင် မပါဝင်သည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ အနေဖြင့် နေအိမ်မှနေ၍ လုပ်ငန်းများ ဆောင်ရွက်ရမည်ဟု ပါရှိခဲ့သည်။

ထို့ပြင် မြို့နယ်အလိုက်ရှိ စျေးများကို မနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လက်လီဈေးဝယ်သူများ အနေဖြင့် မိမိမြို့နယ်အတွင်းရှိ ဈေးများတွင်သာ ဈေးဝယ်ရန်နှင့် အခြားမြို့နယ် များမှလည်း လာရောက်ဝယ်ယူခြင်း မပြုရန်၊ မဖြစ်မနေ ဈေးဝယ်ရန် သွားရောက်ရာတွင် တစ်အိမ်လျှင် ယာဉ်မောင်း (၁) ဦး၊ ဈေးဝယ်သူ(၁)ဦး၊ စုစုပေါင်း (၂) ဦးသာ သွားရောက်ရန်နှင့် ဈေးဝယ်ရန် ဝင်/ထွက်ခွင့် ကတ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်းဖြင့် ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုန်စည်ဒိုင်များ၊ ပွဲရုံများမှ ကုန်ပစ္စည်းများ လက်ကား ဝယ်ယူရောင်းချသူများ အနေဖြင့် ဝင်/ထွက်ခွင့် ကတ်ပြားများကို နီးစပ်ရာ ဈေးစည်ပင်ဌာနတွင် ထုတ်ယူရမည်ဖြစ်ပြီး ကုန်စည်ဒိုင်နှင့် ပွဲရုံများအနေဖြင့် ကုန်ဝယ်ယူသူများ၏ အမည် နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များကို မှတ်သားစာရင်းပြုစု၍ မြို့နယ် စည်ပင်သာယာရေး အဖွဲ့သို့ ပေးပို့ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဆေးခန်းသွားရန်နှင့် အခြားအရေးပေါ် ကိစ္စရပ်များအတွက် သွားလာလိုပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တင်ပြရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမှအပ ခွင့်ပြုချက် မရှိဘဲ ရပ်ကွက်အတွင်း ဝင်/ထွက် သွားလာခြင်း မပြုရန် ထုတ်ပြန်ထားသည်။

Delivery စနစ်ဖြင့် စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်သူများ အနေဖြင့်လည်း ဝင်/ထွက်ခွင့် ကတ်ပြားများကို လုပ်ငန်းရှင်မှ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ လျှောက်ထားရန်နှင့် မြို့နယ်အတွင်းသာ လိုက်လံပို့ဆောင်ရန်၊ ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက်များ၊ ကုန်စိမ်းများ လိုက်လံရောင်းချသူများ အနေဖြင့် နီးစပ်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ဝင်/ထွက်ခွင့် ကတ်ပြားများ ရယူရောင်းချရန်၊ ကျန်းမာရေး ကိစ္စအတွက် ဆေးရုံ/ဆေးခန်းသွားရန် လိုအပ်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်းဖြင့် ထုတ်ယူကာ ယာဉ်မောင်း အပါအဝင် ၃ ဦးသာ သွားရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ကလေးမြို့နယ်များသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် ဝင်ရောက်လာသော ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များမှလွဲ၍ ကျန်မော်တော်ယာဉ်များကို ညအိပ်ရပ်နားခြင်း မပြုရဟု ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ညွှန်ကြားချက်များအား  ဒီဇင်ဘာ ၁၁ ရက်မှ ၂၄ ရက်နေ့အထိ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ ဧပြီ ၁၅ ရက်မှ ဒီဇင်ဘာလ ၆ ရက်အထိ COVID-19 ပိုးတွေ့လူနာ ၁၀၇၃ ဦးရှိကြောင်း သိရပြီး ယင်းတို့အနက် စစ်ကိုင်းမြို့နယ်တွင် ပိုးတွေ့လူနာ ၂၀၂ ဦး၊ ကလေးမြ်ို့နယ်တွင် ၂၄၇ ဦးနှင့် ရွှေဘိုမြို့နယ်တွင် ၁၂၆ ဦးရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်သုံးခုမှာ တိုင်းဒေသကြီးအတွင်း ပိုးတွေ့အများဆုံး မြို့နယ်များဖြစ်ပြီး စစ်ကိုင်းမြို့နယ်မှာ ဒေသတွင်း ကူးစက်မှုနှုန်း  ၈၉ ဒဿမ ၉၅ ရာခိုင်နှုန်း၊ ရွှေဘိုမြို့နယ်တွင် ဒေသတွင်း ကူးစက်မှုနှုန်း ၈၄ ဒဿမ ၄၃ ရာခိုင်နှုန်း၊ ကလေးမြို့နယ်တွင် ဒေသတွင်း ကူးစက်မှုနှုန်း ၉၇ ဒဿမ ၄၉ ရာခိုင်နှုန်း ရှိနေကြောင်း တိုင်းအစိုးရအဖွဲ့ စာရင်းများအရ သိရှိရသည်။

ယင်းမြို့နယ်သုံးခုတွင် လက်ရှိ Quarantine ဝင်ရောက်နေသူ နှစ်ထောင်ကျော် ရှိနေကြောင်းလည်း သိရသည်။

 


READ NEXT
Cancel OK