Top News

တိုင်းရင်းသား ဒေသများတွင် ပညာရေးကို ယခုထက်ပို၍ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူ့စွမ်းအား အရင်းအမြစ်များ၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ နည်းပညာများကို ဘက်ပေါင်းစုံမှ တိုးမြှင့်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ကတိပြု
24htopnews | November 24, 2024 5:12 PM CST

ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် တိုင်းရင်းသား ဒေသများတွင် ပညာရေးကို ယခုထက်ပို၍ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူ့စွမ်းအား အရင်းအမြစ်များ၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ နည်းပညာများကို ဘက်ပေါင်းစုံမှ တိုးမြှင့်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကတိပြုပြောကြားသည်။

ဒီဇင်ဘာ ၉ ရက်က နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့စဉ်လူမှုဘဝတွင် အသုံးချနိုင်မည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ပိုမိုလေ့လာ သင်ယူခွင့်ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ အရည်အသွေး မြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ တိုးပွားလာစေရေး တို့သည်လည်း အရေးပါသော လုပ်ငန်းများဖြစ်သဖြင့် အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက ရင်းနှီးမြှုပ်နှံမှုဖြစ်ရာ တောင်ပေါ်မြေပြန့်မကျန် ပညာရေး ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အထူးသဖြင့် ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် တိုင်းရင်းသားတို့၏ ဒေသများတွင် ပညာရေး၌ ယခုထက်ပိုမို ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ပညာရေးပိုမိုမြင့်မား တိုးတက်လာအောင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ၊ ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ၊ နည်းပညာများ စသည်အားဖြင့် ဘက်ပေါင်းစုံမှ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ပညာရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော် တည်ဆောက်ရေးအတွက် မဖြစ်မနေ လိုအပ်သော ကောင်းမွန်သည့် လူသားအရင်းအမြစ်များ၊ လူ့အဖွဲ့အစည်းများ စဉ်ဆက်မပြတ် ဖြစ်ထွန်းနေအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို ယုံကြည်ကြောင်း၊ သဘာဝ သယံဇာတ အရင်းအမြစ်များဆိုသည်မှာ လူသားတို့ ထုတ်ယူသုံးစွဲမှုကြောင့် တစ်ချိန်ချိန်တွင် လျော့နည်း၊ ကုန်ခန်းသွားမည်ဖြစ်ပြီး လူသားအရင်းအမြစ်များမှာမူ အစဉ်တိုးပွားလျက်ရှိပြီး ယင်းလူသား အရင်းအမြစ်များ၏ စွမ်းအားများဖြင့်ပင် နိုင်ငံတော် တည်ဆောက်ရေး ယန္တရားများအား လည်ပတ်စေရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ အသိပညာ၊ အတက်ပညာ၊ အတွေးအခေါ်၊ အမြော်အမြင်၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာရေးအတွက် ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးစေရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတက အမြော်အမြင် ပြည့်ဝပြီး စွမ်းရည်ထက်မြက်သည့် လူငယ်များကို ပညာရေးက မွေးထုတ်ပေးနိုင်သည်ဖြစ်ရာ ကျောင်းနေအရွယ် လူငယ်အားလုံး အခြေခံပညာ သင်ယူခွင့်ရရှိရေးသည် နိုင်ငံတော်အတွက် အရေးကြီးသော ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း၊ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးတွင် အမြော်အမြင်ပြည့်ဝပြီး အတွေးအခေါ် ရင့်ကျက်မှန်ကန်သည့် လူငယ်များ ပေါ်ထွက်လာရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်ပင် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော် တည်ဆောက်ရာတွင် အရေးအကြီးဆုံးဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရအနေဖြင့် တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ အစည်းအဝေးများကို စတုတ္ထအကြိမ်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသော သဘောတူညီချက်များရရှိခဲ့ကာ ၂၀၂၀ အလွန် ဆက်လက် အကောင်အထည်ဖော်မည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း သဘောတူ ချမှတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ကြောင့် “ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံး ပူးပေါင်း ဆောင်ရွက်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်စို့”ဆိုသည့် ၂၀၂၀ ပြည့်နှစ် နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသည် ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေးနှင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် ဘက်ပေါင်းစုံမှ အားကြိုးမာန်တက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရရှိပြီးသော အောင်မြင်မှုရလဒ်များကို အမိအရ ဆုပ်ကိုင်ပြီး ရှေ့ဆက်ရမည့် ဒီမိုကရေစီခရီးတွင် ကြုံတွေ့ရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို တိုင်းရင်းသား ပြည်သူ ညီအစ်ကို မောင်နှမများအားလုံး စုစည်းညီညွတ်သော စွမ်းအားဖြင့် အောင်မြင်စွာ ရင်ဆိုင်ကျော်လွှား သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် အတူတကွ တွဲလက်ညီစွာဖြင့် ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းရင်း ၂၀၂၀ ပြည့်နှစ် နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့၏ အမျိုးသားရေးဦးတည်ချက် ငါးရပ်ဖြစ်သော ကျောင်းနေအရွယ် လူငယ်အားလုံး အခြေခံပညာ သင်ယူခွင့်ရရှိရေး၊ လူမှုစီးပွားရေးအတွက် လက်တွေ့ကျ အကျိုးပြုသည့် ဘာသာရပ်များ တစ်သက်တာ သင်ယူမှု အခွင့်အလမ်းရရှိရေး၊ ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား ဒေသများ၌ ပညာရေးတွင် ပိုမိုပံ့ပိုး ရင်းနှီးမြှုပ်နှံရေး၊ ပညာရေးဖွံ့ဖြိုးမှုအတွက် နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းရေး၊ တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားသည်။


READ NEXT
Cancel OK