Top News

ရန်ကုန်-မန္တလေးလမ်းပိုင်းနှင့် မြို့ပတ်ရထားလမ်းပိုင်းများတွင် ပြေးဆွဲမည့် ဂျပန်ယန်း ၆၉ ဘီလျံခန့်ရှိ DEMU ရထားတွဲသစ် ၂၄၆ တွဲဝယ်ယူရန် Mitsubishi Corporation နှင့် မြန်မာ့မီးရထား သဘောတူစာချုပ် ချုပ်ဆို
24htopnews | November 24, 2024 5:12 PM CST

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနှင့် မြို့ပတ်ရထားလမ်းပိုင်းများတွင် ပြေးဆွဲမည့် ဂျပန်ယန်း ၆၉ ဘီလျံခန့်ရှိ ရထားတွဲသစ် ၂၄၆ တွဲ တည်ဆောက်ရန် Mitsubishi Corporation နှင့် မြန်မာ့မီးရထားတို့ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ခန့်မှန်း ၆၉ ဘီလျံယန်း တန်ဖိုးရှိ အဆိုပါ သဘောတူစာချုပ် နှစ်ခုမှာ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင် အသုံးပြုမည့် ရထားတွဲ ၆၆ တွဲနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အသုံးပြုမည့် ရထားတွဲ ၁၈၀ တည်ဆောက်ရေးအတွက် Mitsubishi Corporation နှင့် မြန်မာ့မီးရထားတို့အကြား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက်က သဘောတူစာချုပ် နှစ်ခုအား ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အစိုးရက တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် (Official Development Assistance - ODA) အရ မြန်မာနိုင်ငံကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီထားပြီး မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတို့တွင် ပြေးဆွဲအသုံးပြုရန် လျာထားသည့် ရထားတွဲအသစ် ၂၄၆ တွဲကို မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆက်တိုက် ပေးပို့သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဒီဇင်ဘာ ၇ ရက်က Mitsubishi Corporation နှင့် မြန်မာ့မီးရထားတို့အကြား ချုပ်ဆိုခဲ့သည့် စာချုပ်အရ အဆိုပါ ရထားတွဲများကို စပိန်နိုင်ငံ၏ အကြီးဆုံး ရထားတွဲထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် CAF ကုမ္ပဏီက ဂျပန်ထုတ် စက်ပစ္စည်းကိရိယာအချို့ကို အသုံးပြု၍ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် ရထားတွဲများသည် အမြင့်ဆုံး မြန်နှုန်း တစ်နာရီလျှင်  ၁၀၀ ကီလိုမီတာဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်ကို ဖြတ်သန်း၍ မန္တလေးမြို့အထိ ၆၂၀ ကီလိုမီတာခန့် ရှည်လျားသော မြန်မာနိုင်ငံ၏ အဓိက ရထားလမ်းကြောင်းကို ပြေးဆွဲမည် ဖြစ်သည်။ ယင်းပြင် လက်ရှိကြာမြင့်ချိန် ဖြစ်သော ပြေးဆွဲချိန် ၁၅ နာရီခန့်ကို စီမံကိန်းအရ ၈ နာရီခန့်အထိ လျှော့ချနိုင်မည်ဟု သိရသည်။

အဆိုပါ ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပထမနှစ် ၂၀၁၉ ခုနှစ်တွင် ပြင်ဆင်ရေး ကာလဖြစ်ပြီး၊ ဒုတိယနှစ် ၂၀၂၀ ပြည့်နှစ်တွင် အဆန်လမ်းအား တည်ဆောက်ခြင်းနှင့် တတိယနှစ် ၂၀၂၁ ခုနှစ်တွင် အစုန်လမ်း တည်ဆောက်ခြင်း၊ စတုတ္တနှစ်တွင် အစုန်လမ်းနှင့် အဆန်လမ်းအား ဆောင်ရွက်သွားမည် ဖြစ်သည်။


READ NEXT
Cancel OK