Top News

မန္တလေးမြို့၏ Stay at Home ကာလတွင် စားဝတ်နေရေး ခက်ခဲလာသဖြင့် ‌အခြေခံနေ့စားလုပ်ကိုင်သူ မိသားစုတချို့ အလှူခံစားသောက်မှုများ ရှိလာ
24htopnews | November 24, 2024 5:12 PM CST

မန္တလေးမြို့၏ Stay at Home ကာလတွင် စားဝတ်နေရေး ခက်ခဲလာသဖြင့် အ‌ခြေခံနေ့စားလုပ်ကိုင်သူ မိသားစုတချို့ အလှူခံစားသောက်မှုများ ရှိလာကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာအနီးရှိ ၁၁၇ E နှင့် ၄၅ လမ်းထောင့်ရှိ ကျူးကျော်တဲများတွင် နေထိုင်သည့် ရွှေ့ပြောင်းလုပ်သားအများစု၏ မိသားစုဝင်များအနေဖြင့် ခက်ခဲလာသောကြောင့် အလှူခံမှုများ ရှိနေကြောင်း သိရသည်။

"ကိုဗစ်ကာလတွင်း လုပ်ငန်းများ ရပ်တန့်ထားသောကြောင့် လုပ်သားဦးရေ ၃၃ ဦး ရှိပါသည်။ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီး၊ ကြက်သွန်စသော စားသောက်ပစ္စည်းများ စွန့်ကြဲကြပါရန် လေးစားစွာဖြင့် တောင်းခံအပ်ပါသည်" ဟု နေထိုင်သည့် တဲအိမ်များရှေ့တွင် စာရေးသား အကူညီတောင်းခံထားခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ကိုဗစ်ကြီးဖြစ်တာနဲ့ လုပ်ငန်းတွေ ရပ်နားထားရတယ်။ ခုလိုအခြေအနေကြောင့် တစ်နေ့တာ စားသောက်စရိတ် ကုန်ကျငွေ ထွက်ရှာဖို့ မလွယ်တော့ဘူး။ သံချီသံကွေး၊ ပန်းရံ၊ လက်သမားစတဲ့ ကျပန်းလုပ်ကိုင် စားသောက်တာဆိုတော့ ခုလိုအခြေအနေမှာ အပြင်ထွက် လုပ်ကိုင်ခွင့်ရတဲ့ထဲ မပါဘူးပေါ့။ COVID စကတည်းက ကျိူကြား ကျိူကြား နားလိုက် လုပ်လိုက်ကနေ ခုအခြေအနေမှာတော့ ဘယ်လိုမှ အပြင်ထွက်လို့ မရတော့တာကြောင့် ခုလို အလှူခံစားသောက်ဖို့ ဆုံးဖြတ်လိုက်ရတော့တာပါ" ဟု နတ်မောက်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းတွင် ပန်းရံလုပ်သားဖြစ် လုပ်ကိုင်ရင်း ကျူးကျော်တဲတစ်ခုတွင် နေထိုင်သည့် ကိုဝင်းအောင်က အလှူခံရသည့်အခြေနေနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

မန္တလေးမြို့တွင် Stay at Home နှစ်ပတ်ကြာ ပြုလုပ်သည့် လေးရက်အတွင်း ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်သူ ၅၆၀၀ ကျော်အား အရေးယူခဲ့ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မန္တလေးခရိုင် (၇ မြို့နယ်) တွင် COVID-19 ရောဂါ ကူးစက်ကူးပြန့်ပွားမှုနှင့် သေဆုံးမှု မြင့်တက်လာသည့်အတွက် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်ထိ Stay at Home ပြုလုပ်မည်ဖြစ်ပြီး လိုက်နာရန် စည်းကမ်းချက်များကို မန္တလေးတိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ရာ လိုက်နာရန် အသိပေးကြေညာချက် ၁၇ ချက် ပါဝင်ခဲ့သည်။

ညွှန်ကြားချက်များကို ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်ထိ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK