Top News

ရှမ်းယူနိုက်တက်အသင်းအတွက် ခက်ခဲသည့်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မည်ဟု ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်း နောက်ခံလူ စိုးမိုးကျော် သုံးသပ်
24htopnews | November 24, 2024 10:12 PM CST

ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်း၏ မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်က  ၎င်းတို့အသင်းနှင့်တွေ့ဆုံမည့်ပွဲနှင့်ပတ်သက်၍ ရှမ်းယူနိုက်တက်အသင်းအတွက် ခက်ခဲသည့်ပွဲတစ်ပွဲဖြစ်လာလိမ့်မည်ဟု Eleven Sports သို့ ကြိုတင်သုံးသပ်ပြောကြားခဲ့သည်။

စိုးမိုးကျော်က''ရှမ်းယူနိုက်တက်အသင်းအတွက် ခက်ခဲမယ့်ပွဲတစ်ပွဲဆိုတာတော့ ကျွန်တော် ပြောနိုင်ပါတယ်။ ဘောလုံးပွဲဆိုတာကတော့ ကြိုပြောဖို့ခက်တာပေါ့လေ။ ကျွန်တော်တို့အသင်းက အကောင်းဆုံးအခြေအနေမှာရှိနေတယ်။ ဒါက ကျွန်တော့်အထင်ပါ။ ပွဲကစားတဲ့အခါကျရင်တော့ ဘယ်လိုဖြစ်လာမလဲဆိုတာ မပြောနိုင်ဘူးပေါ့။ လက်ရွေးစင်အသင်းက အတူတွဲကစားခဲ့တဲ့ ကစားဖော်တွေနဲ့ ပြန်ဆုံရမယ့်အပေါ်တော့ ပျော်ရွှင်ရပါတယ်။ ခံစားမှုလည်းကောင်းပါတယ်။ ထူးထူးခြားခြားစိတ်လှုပ်ရှားတာမျိုးတော့ မရှိပါဘူး။ ပြည်တွင်းကစားသမားအချင်းချင်းဆိုရင်တော့ ရှမ်းယူနိုက်တက်အသင်းက သာပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားကစားသမားအပိုင်းမှာကျတော့ ကျွန်တော်တို့အသင်းက ပိုပြီးတောင့်တင်းပါတယ်။ ကျွန်တော်တို့အသင်းက နိုင်ငံခြားသားကစားသမားတွေက တကယ်ကောင်းတဲ့ကစားသမားတွေပါ။ ကျွန်တော်တို့အသင်းမှာ ဂျပန်ကစားသမား သုံးယောက်ရှိတယ်။ နှစ်ယောက်က ကျွန်တော်နဲ့ သက်တူရွယ်တူ။ ရှေ့တန်းကစားတဲ့ တစ်ယောက်က အသက် ၃၀ ကျော်ဆိုပေမဲ့ အရမ်းကောင်းတယ်။ Profile လည်းမြင့်တယ်။ ဘယ်လိုတွေဖြစ်လာမလဲတော့ မသိသေးဘူးပေါ့''ဟု Eleven Sports သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းမှာ မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော် သွားရောက်ကစားနေသည့်အသင်းဖြစ်ပြီး ပြည်တွင်းလိဂ်ပွဲစဉ်များသာမက AFC Cup  ပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းများ ဆက်တိုက်ရရှိနေသည်။

ဖနွမ်းပင်ခရောင်းအသင်းသည် AFC Cup ခြေစစ်ပွဲ Play-offs အဆင့်တွင်စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းကို အဝေးကွင်း၌(၃-၂) ဂိုး၊ AFC Cup ပြိုင်ပွဲ အုပ်စုပထမပွဲတွင် ဖိလစ်ပိုင်ကလပ် ဆီဘူးအသင်းကို အဝေးကွင်းတွင် (၃-၀) ဂိုးဖြင့်အနိုင်ရထားသည်။

AFC Cup ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အာဆီယံဇုန်တွင် အုပ်စု (၃) ခုပါဝင်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး(၃)သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးတစ်သင်း ပေါင်း(၄) သင်းမှာ ဇုန်ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ထို့ကြောင့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် လက်ကျန်ပွဲများတွင် ရလဒ်ကောင်းမှသာ နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် လာမည့် အောက်တိုဘာ ၅ ရက် မြန်မာစံတော်ချိန် ညနေ ၆နာရီခွဲတွင်  အဝေးကွင်းအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ဖနွမ်းပင်ခရောင်းအသင်းနှင့် ကစားရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယင်းပွဲအတွက်အောက်တိုဘာ၃ရက်(ယနေ့)တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။


READ NEXT
Cancel OK