Top News

အီရန်စစ်ဗိုလ်ချုပ်ရုပ်တုကြောင့် အယ်လ်အစ်တီဟတ်အသင်း၏ အာရှချန်ပီယံလိဂ်ပွဲစဉ် ပျက်ပြယ်
24htopnews | November 24, 2024 10:12 PM CST

 

အီရန်စစ်ဗိုလ်ချုပ်ရုပ်တုကို ကွင်းအတွင်း ထားရှိမှုကြောင့် အီရန်ကလပ် ဆီပါဟန်အသင်းနှင့် အာရှချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်ကစားမည့် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းမှာ ပွဲကစားခြင်းမရှိခဲ့ကြောင်း သိရသည်။ အယ်လ်အစ်တီဟတ်အသင်း သည် အဝတ်အစားလဲခန်းမှထွက်ပြီး ကွင်းထဲဝင်ရန် ငြင်းဆန်သဖြင့် ပွဲပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

အီရန်စစ်ဗိုလ်ချုပ် ကာဆင်ဆူလေမန်းနီးသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလက ဘဂ္ဂဒက်လေဆိပ်အနီးတွင် အမေရိကန်၏ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။ ဆူလေမန်းနီးသည် အီရန်အထူးတပ်ဖွဲ့ Quds Force ကို ဦးဆောင်သူဖြစ်ပြီး ၎င်းနှင့် အခြားတပ်မှူးများကို ဆော်ဒီအာရေဗျက ၂၀၁၈ ခုနှစ်တွင် အကြမ်းဖက်များအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

ပွဲကစားမည့် Naghsh-e jahn ကွင်း အတွင်း ပရိသတ်ပေါင်း ၆၀၀၀၀ ခန့် ရှိနေပြီး ဘောလုံးသမားများ ကွင်းအတွင်းဝင်မည့်အဝ၌ ဆူလေမန်းနီး၏ရုပ်တုကို ထားရှိခြင်းကြောင့် ပွဲပျက်ပြယ်ခဲ့ရသည်။ ဆော်ဒီအာရေဗျနှင့် အီရန်ကလပ်များသည် လုံခြုံရေး ဆိုင်ရာ စိတ်မချရမှုအကြောင်းပြချက်ကြောင့် ၂၀၁၆ ခုနှစ်ကတည်းက ကလပ်ပွဲများကို ကြားကွင်းတွင် ကစားခဲ့ပြီး ယခုနှစ်တွင်မှ သူ့ ကွင်းကိုယ့်ကွင်း ပြန်လည်ကစားခြင်းလည်း ဖြစ်သည်။ 

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က မမျှော်လင့်ထားသော ကြိုတင်မခန့်မှန်း နိုင်သည့် အဖြစ်အပျက်များကြောင့် ပွဲပျယ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။  စီရော်နယ်လ်ဒို၏အယ်လ်နာဆာအသင်းသည် ပြီးခဲ့သည့်လက အီရန်ကလပ် ပါဆီပိုလစ်နှင့် အဝေးကွင်းပွဲစဉ် ကစားခဲ့ပြီး ၂၀၁၆ နောက်ပိုင်း အီရန်မြေ၌ကစားသည့် ပထမဆုံး ဆော်ဒီကလပ် ဖြစ်လာခဲ့သည်။ 


READ NEXT
Cancel OK