Top News

မန္တလေးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းမြို့တော်ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းများလုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများရှိနေကြောင်း ဝန်ကြီးချုပ်ပြောကြား
24htopnews | November 24, 2024 10:12 PM CST

မန္တလေးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းမြို့တော် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများ ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“မန္တလေးတိုင်းဒေသကြီးမှာ စိုက်ပျိုးရေးကို အခြေခံပေမဲ့ အားသာချက်အနေနဲ့ ခရီးသွားလုပ်ငန်းမှာ ရှိနေတာကြောင့် ခရီးသွားကဏ္ဍဟာ အကောင်းဆုံးရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းအများကြီး ရှိနေပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က  ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း Culture Tourism ဟုခေါ်သည့် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ၍ရကြောင်း၊ ပထမမြန်မာနိုင်ငံကို ထူထောင်ခဲ့သည့် မင်းဆက်ပုဂံသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိကြောင်း၊ အလားတူ အင်္ဂလိပ်ကိုလိုနီလက်အောက်သို့ ရောက်သွားသည့် နောက်ဆုံးကုန်းဘောင်ဆက်ကလည်း မန္တလေးတိုင်းအတွင်းရှိကြောင်း၊ ယင်းကြောင့် Ancient City Tourism ကို လာရောက်လုပ်ကိုင်လိုပါကလည်း ပုဂံ၊ အင်းဝ၊ မန္တလေး သုံးမြို့ကို လည်ပတ်၍ရကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

“မန္တလေးတိုင်းဒေသကြီးမှာ ဒြပ်မဲ့ယဉ်ကျေးမှုတွေ ရှိပါတယ်။ ဒြပ်မဲ့ယဉ်ကျေးမှုတွေမှာဆိုရင် ရွှေမျက်ပါးလုပ်ငန်းတို့၊ ရွှေခြည်ထိုးလုပ်ငန်းတို့ ဒါတွေ အများကြီးရှိပါတယ်။ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လုပ်ငန်း ၃၀၃ မျိုးလောက်ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Culture Tourism လုပ်မလား။ cient City Tourism လုပ်သလို Eco Tourism အတွက်လည်း ကျွန်တော်တို့မှာ အဆင်သင့် ဖြစ်နေတာရှိပါတယ်။ အထူးသဖြင့် ပုပ္ပားတောင်ဟာ စီးပွားရေးအရ ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ Geological Park လုပ်ဖို့ အစီအစဉ်ဆွဲထားပါတယ်။ ဒါကြောင့်မို့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ မန္တလေးအတွက် အခွင့်လမ်းကောင်းတစ်ခုလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

၂၀၁၈ အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၃ ဒသမ ၅၅ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ခရီးသွားဝင်ရောက်မှု ၃ ဒသမ ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် ဥရောပနှင့် မြောက်အမေရိကနိုင်ငံများမှ ခရီးသွားများ လျော့ကျလာသော်လည်း တရုတ်၊ ကိုရီးယား၊ ထိုင်းနှင့် အာရှနိုင်ငံအချို့မှ ခရီးသွားများ တိုးတက်ခဲ့သည်။

မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက်လည်ပတ်သူ နိုင်ငံခြားသားခရီးသွား စာရင်းတွင် (၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ) ထိပ်ဆုံး၌ ရပ်တည်နေသော နိုင်ငံများမှာ တရုတ် ၂၉၇,၄၀၀၊ ထိုင်း ၂၉၁,၂၃၁ ဦး၊ ဂျပန် ၁၀၄,၃၇၆ ဦး၊ အမေရိက ၆၅,၀၅၇ ဦး၊ ကိုရီးယား ၆၃,၉၁၁ ဦး၊ စင်ကာပူ ၅၈,၆၅၇ ဦး၊ ဗီယက်နမ် ၅၃ç၃၂၉ ဦး၊ မလေးရှား ၄၇,၆၃၂၊ အိန္ဒိယ ၄၃,၂၈၁ ဦး၊ ပြင်သစ် ၄၃,၂၁၈ ဦး၊ ဗြိတိန် ၃၆,၆၀၉ ဦးတို့ဖြစ်ပြီး ယခင်နှစ်ကထက် တရုတ်ခရီးသွား ၃၉ ဒသမ ၈၆ ရာခိုင်နှုန်း၊ ကိုရီးယား ၁၀ ဒသမ ၆၇ ရာခိုင်နှုန်း၊ ထိုင်းခရီးသွား ၆ ဒသမ ၃၃ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု အများဆုံးဒေသများ ဖြစ်သည်။

မြန်နိုင်ငံသို့ နှစ်အလိုက် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွား ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်း ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK