Top News

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း တစ်ရာကျော် ဝင်ရောက် ယှဉ်ပြိုင်မည်
24htopnews | November 24, 2024 10:12 PM CST

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲတွင် NLD ပါတီမှ နေရာစုံတွင် ကိုယ်စားလှယ်လောင်း တစ်ရာ ကျော်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ဇန်နဝါ ရီ ၃၁ ရက်တွင် ပြောကြားသည်။

“အဲဒီမှာ ဆုံးဖြတ်ချက်တာ ကျွန်တော် မပါတော့ အတိအကျတော့ မပြောနိုင်ပါဘူး။ တစ်ရာကျော်တော့ ရှိပါတယ်။ နေရာစုံ အားလုံးကို ဝင်ပြိုင်ထားပါတယ်”ဟု  NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအား ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးသည့် ကာလအတွင်း NLD ပါတီ၏ တံဆိပ်၊ အမှတ်အသားများကို အသုံးပြုခွင့် ပေးထားကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲတွင် မြို့တော် ကော်မတီဝင်နေရာ၊ မြို့နယ် ၃၃ မြို့နယ် ဥက္ကဋ္ဌနေရာ၊ အဖွဲ့ဝင် (၁) နှင့် (၂) နေရာတို့အတွက် ဝင်ရောက် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း၂၇၇ ဦး ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်လွှာတင်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။

ထို့သို့ ဝင်ရောက် အရွေးခံသူအနေဖြင့် မြို့တော်ကော်မတီဝင် နေရာအတွက် မှတ်ပုံတင်ကြေးမှာ ကျပ် ငါးသိန်းဖြစ်ပြီး မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာများအတွက် ကျပ်နှစ်သိန်းဖြစ်ကာ ရွေးကောက်ပွဲတွင် ဝင်ရောက် မယှဉ်ပြိုင်လိုခြင်း မရှိပါက လျှောက်လွှာကို အချိန်မီ ပယ်ဖျက်နိုင်ပြီး မှတ်တင်ပုံကြေး ပြန်လည်ပေးမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စည်ပင်သာယာ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ဝင်ရောက် အရွေးခံနိုင်ကြောင်း  စည်ပင်သာယာ နည်းဥပဒေတွင် ခွင့်ပြုထားသည်ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကို မတ် ၃၁ ရက်တွင် ကျင်းပမည့် ဖြစ်ပြီး  မဲဆန္ဒနယ် ခြောက်ခုမှ ကော်မတီဝင် ခြောက်ဦး၊ မြို့နယ် တစ်မြို့နယ်တွင် မြို့နယ်ဥက္ကဋ္ဌ တစ်ဦးနှင့် အဖွဲ့ဝင်နှစ်ဦး ဖြစ်သဖြင့် ၃၃ မြို့နယ်အတွက် ၉၉ ဦး၊ စုစုပေါင်း ၁၀၅ ဦး ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK