Top News

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အရေးကြီးအဆို ကိစ္စနှင့်ပတ်သက်၍ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော်နာယကထံ ကန့်ကွက်စာပေးပို့ထာ
24htopnews | November 24, 2024 10:12 PM CST

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အရေးကြီးအဆို ကိစ္စနှင့်ပတ်သက်၍  တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော်နာယကထံ ကန့်ကွက်စာပေးပို့ထားကြောင်း တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

နေပြည်တော်၌ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့အပြီးတွင် ဗိုလ်မှူးချုပ်မောင်မောင်က မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီမိုကရေစီစနစ်မှာ အများစုရဲ့ဆန္ဒကို လိုက်လျောရမှာဖြစ်သလို အနည်းစုရဲ့သဘောထားကိုလည်း လေးစားရမှာ ဖြစ်တယ်။ ကျွန်တော်တို့ အခုထောက်ပြနေတဲ့ကိစ္စတွေကို ချက်ချင်းပယ်ချလိုက်တယ်။ ချက်ချင်းပယ်ချလိုက်တော့ ကျွန်တော်တို့အနေနဲ့လည်း ဒီဟာကြီးက မကောင်းဘူးဖြစ်တာပေါ့လေ။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာကိုလည်း လျှို့ဝှက်လုပ်ဆောင်ရမယ့် ကိစ္စမဟုတ်ဘူး။ အားလုံးကို ပွင့်လင်းမြင်သာစွာနဲ့ ဒါတွေဒါတွေတော့ ပြင်မယ်။ ဥပဒေနည်းလမ်းတွေနဲ့ စနစ်တကျလုပ်ရမှာ ဖြစ်တယ်။ ဒီလိုလျှို့ဝှက်လုပ်ဆောင်တဲ့ ပုံစံမျိုးဖြစ်တယ်ဆိုရင်တော့ တစ်ဖက်လှည့်နဲ့ပေါ့လေ။ ဒီလိုလွှတ်တော်ထဲမှာ ကိုယ်စားလှယ်အများစုနဲ့ အနိုင်ရထားတော့တို့ကတော့ ကိုယ်စားလှယ်အများစုရှိတယ်။ မဲခွဲရင်တော့ နိုင်မှာပဲဆိုတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်တယ် ဆိုတာတော့ ကျွန်တော်တို့အနေနဲ့ကတော့ ဒီလုပ်ရပ်တွေဟာ ဒီမိုကရေစီမဆန်တဲ့သဘောတွေ တွေ့တယ်။ ပြောရင်တော့ ဒီမိုကရေစီ၊ ဒီမိုကရေစီပဲ။ ဒါပေမဲ့ အခုလုပ်နေတာတွေက ဒီမိုကရေစီသဘော မဆန်ဘူး။ အဲဒီလို တွေ့နေရတယ်။ ကျွန်တော်တို့တင်ပြတယ်။ တင်ပြတဲ့ကိစ္စကို လုံးဝချက်ချင်းပဲ ပယ်ဖျက်လိုက်တယ်။ ဆက်ပြီးတော့ မဲမခွဲပါနဲ့။ ဒါမဲခွဲရမယ့်ဟာ မဟုတ်ဘူးပြောတယ်။ မဲခွဲပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ တရားဝင် ပြည်ထောင်စုလွှတ်တော်နာယကဆီမှာ တရားဝင် စာနဲ့တင်ပြပြီးတော့မှ ကန့်ကွက်ထားပါတယ်” ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

အဆိုပါကန့်ကွက်စာပေးပို့ထားခြင်း နှင့်ပတ်သက်ပြီး မီဒီယာသမားတစ်ဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားပါမပါ မေးမြန်းရာတွင် “ကျွန်တော်တို့ တပ်မတော်ဆိုတာကတော့ အားလုံးက ကိုယ့်သဘောကိုယ်ဆောင်ပြီး လုပ်လို့မရဘူးပေါ့နော်။ အားလုံးသဘောတူညီချက်၊ အားလုံးအတည်ပြုချက်တွေနဲ့ လုပ်ကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုက်ရိုက်သွားခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီအဖြစ် တိုင်းရင်းသားပါတီများအပါအဝင် အားလုံးလေ့လာမှုလုပ်ပြီး သုံးသပ်ချက်များအပေါ်မူတည်၍ အစီရင်ခံစာတင်ပြကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီအဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ ပိုမိုကောင်းမွန်အောင် ပြင်ဆင်သင့်သည့် အကြောင်းအရာများ၊ ပြင်ဆင်ခြင်း မပြုဘဲ ဆက်လက်ထားရှိသင့်သည့်အကြောင်း အရာများကို လေ့လာဖော်ထုတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူ ကြမ်းတစ်ရပ်ပေါ်လာသည်အထိ တာဝန်ယူဆောင်ရွက်ရမည်ဟု  ထိုစဉ်က ကော်မတီ၏တာဝန်များတွင် ဖော်ပြခဲ့ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်ကိစ္စကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ်လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် သြဂုတ်ထိ နှစ်နှစ်ကျော်ကျော်ခန့် အချိန်ယူဆောင်ရွက်ခဲ့ပြီး လက်ရှိဒုတိယအကြိမ် လွှတ်တော်သက်တမ်းသည်လည်း သုံးနှစ်ကျော်လာကာ ၂၀၂၀ ခုနှစ် နိုဝင်ဘာတွင် အထွေထွေရွေးကောက်ပွဲလုပ်မည်ဖြစ်၍ အချိန်မကျန်တော့ကြောင်း ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် မည်သည့်ရည်ရွယ်များဖြင့် လုပ်နေသည်ကို ပွင့်ပွင့်လင်းလင်းမရှိသောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟုဆိုကာ တက်သုတ်ရိုက်လုပ်သည့် သဘောဖြစ်နေကြောင်း နှင့် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်သော လုပ်ရပ်များသည် ဒီမိုကရေစီမဆန်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

 


READ NEXT
Cancel OK