ရန်ကုန်တိုင်းလွှတ်တော်တွင် ကန့်ကွက်ခဲ့သည့် ထောက်ကြံ့ခုံးကျော်တံတား ကျပ်နှစ်ဘီလျံနှင့် မြို့တော်ဘဏ်တွင် ထည့်ဝင်မည့် ကျပ် ၆ ဒသမ ၈ ဘီလျံတို့ကို ခေါင်းစဉ်ပြောင်းသုံးစွဲမည့် အခြေအနေများအား ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
“ထောက်ကြံ့ခုံးကျော်တံတားကို သုံးမယ့် နှစ်ဘီလျံကိစ္စကို ခေါင်းစဉ်ပြောင်းသုံးဖို့ရယ်၊ နောက်တစ်ခုက စည်ပင်သာယာက မြို့တော်ဘဏ်မှာ ထည့်မယ့် ၆ ဒသမ ၈ ဘီလျံကို ခေါင်းစဉ်ပြောင်းသုံးဖို့ လာရှင်းပြတာ။ အဲဒီငွေတွေကို လွှတ်တော်က ခွင့်မပြုခဲ့ဘူးလေ” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
အဆိုပါငွေများအနက် ထောက်ကြံ့ခုံး ကျော်တံတားအတွက် လျာထားခဲ့သည့် ကျပ်နှစ်ဘီလျံကို ဆူးလေဘုရားလမ်းမကတ္တရာ ကွန်ကရစ်ထပ်ခင်းရန်အတွက် ကျပ်သန်း ၆၈၀ ခန့် လျာထားကြောင်း၊ ရန်ကုန်မြို့သို့ ဝင်ရောက်မည့် ထောက်ကြံ့လမ်းမကြီးအား ပြုပြင်ရန် အသုံးပြုမည်ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။
“ဦးတို့ကတော့ ဒါတွေကို ခွင့်မပြုဘူးလို့ ပြောတယ်။ သဘောမတူဘူးပေါ့။ ဆူးလေဘုရားလမ်းမကလည်း နောက်သုံးနှစ်လောက်ထိ ကောင်းနေဦးမှာ။ အခြားမကောင်းတဲ့ လမ်းတွေရှိတယ်။ အဲဒီနေရာတွေ သုံးစွဲဖို့ပေါ့၊ ကျောက်တံတားကိုယ်စားလှယ်ကလည်း ကန့်ကွက်တယ်။ ဘာဖြစ်စေချင်လဲဆိုတော့ ကျောက်တံတားနဲ့ ပန်းဘဲတန်းမှာ စတုဂံခုံး ကျော်တံတားရှိတယ်။ အဲဒီအပေါ်လူတွေ မတက်ကြဘူး။ လေးဘက်လေးတန်ကို စက်လှေကားဖြစ်ဖြစ်၊ ဓာတ်လှေကားဖြစ်ဖြစ် တပ်ဖို့ပြောလိုက်တယ်။ နောက်တစ်ခုက ထောက်ကြံ့ကနေ မြို့ထဲကိုဝင်တဲ့ လမ်းမကြီးကလိုတာက ယာဉ်သွားတဲ့လမ်းတွေ အလယ်မျဉ်းဆွဲ တာတွေ၊ ကားမှတ်တိုင်မျဉ်းတွေ၊ မီးတွေလိုတယ်။ အဲဒါတွေပြောင်းသုံးဖို့ အကြံပြုတယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။
မြို့တော်ဘဏ်တွင် ထည့်သွင်းရန်လျာထားခဲ့သည့် ကျပ် ၆ ဒသမ ၈ဘီလျံအား တောင်ပိုင်းခရိုင်ရှိ ခရမ်း၊ သုံးခွလမ်းများ ပြုပြင်ရန်အတွက် လျာထားကြောင်း၊ မြို့လယ်ရှိ လမ်းများပြုပြင်ရန် လိုအပ်သော်လည်း မြို့ပြင်ရှိ လမ်းများပြုပြင်ရန် ပိုမိုလိုအပ်နေကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။
“စတုဂံခုံးကျော်တံတားကို ဓာတ်လှေကားတွေတပ်ဖို့ကတော့ လေ့လာမှုတွေ လုပ်ရဦးမယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ကို အပြီးတင်ရမှာဆိုတော့ အချိန်မမီတော့ဘူး။ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ ဦးစားပေးထည့်ပေးမယ်လို့ ပြောသွားတယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။
အဆိုပါရှင်းလင်းမှုအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနမှ ယာယီဌာနမှူး ဦးလင်းခိုင်၊ ရန်ကုန်တိုင်း လမ်းတံတားဌာနမှ အင်ဂျင်နီယာမှူးနှင့် စီမံကိန်းရေးဆွဲရေးဘက်မှ တာဝန်ရှိသူများက လာရောက်ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
