Top News

ဟင်္သာတတက္ကသိုလ်၌ ပါမောက္ခချုပ် အပါအဝင် ပညာရေးဝန်ထမ်း အများအပြား စုပေါင်း၍ ဖဲကြိုးနီ လှုပ်ရှားမှု ပြုလုပ်
24htopnews | November 25, 2024 6:12 PM CST

ဟင်္သာတတက္ကသိုလ်၌ ပါမောက္ခချုပ်အပါအဝင် ပညာရေးဝန်ထမ်း အများအပြား စုပေါင်း၍ ဖဲကြိုးနီ လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က ပြုလုပ်ခဲ့သည်။

 “ဒီနေ့လုပ်ရတဲ့ ပွဲကတော့ နိုဝင်ဘာလ ၈ ရက်နေ့က ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာရှင်တွေက မတရားဖမ်းဆီးပြီး အာဏာကို လုယူသွားတာကြောင့် ကျွန်တော်တို့ ဆရာ များအနေနဲ့ အနာဂတ် ကျောင်းသားတွေအတွက် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ဆန့်ကျင်ခြင်းဖြစ် ပါတယ်။ နိုင်ငံရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် ဘယ်တော့မှ စစ်အာဏာသိမ်းလို့ နိုင်ငံတိုးတက်တယ် ဆိုတာ မရှိပါဘူး။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးဟာ သူများနောက်မှာ ကျကျန်ခဲ့ရပါတယ်။ ဒီနေ့ လုပ်တဲ့ပွဲဟာ တပ်မတော်သားအများစုကို မုန်းလို့ လုပ်တာမဟုတ်ပါဘူး။ လက်တစ်ဆုပ်စာအာဏာရှင်အစိုးရ ရဲ့လုပ်ရပ်ဟာ အင်မတန်ရွံရှာ စက်ဆုပ်ဖွယ်ကောင်းလို့ မျိုးဆက်သစ် ကျောင်းသားကျောင်းသူ၊ လူငယ်၊ ပြည်သူ တွေအတွက် ဆရာ၊ဆရာမများအခန်းကဏ္ဍကနေ မားမားမတ်မတ် ရပ်တည်ပြီး ဒီပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဟင်္သာတတက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဆရာဦးကျော်မင်းထိုက်က ဖြေကြားသည်။

ယင်းလှုပ်ရှားမှု၌ တောင်းဆိုလိုသည့် အချက်များနှင့် ပတ်သက်၍ ဟင်္သာတတက္ကသိုလ်ဆရာ များသမဂ္ဂ အတွင်းရေးမှူး ဆရာမဒေါ်တင်မိုးမိုးဝင်းက “ဒီနေ့ ဟင်္သာတတက္ကသိုလ်မှာ လှုပ်ရှားတဲ့ လှုပ်ရှားမှုကတော့ ပထမတစ်ချက်က စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ Civil Disobedience Movement ကို ထောက်ခံတဲ့အနေနဲ့ လှုပ်ရှားခြင်း ဖြစ်ပါတယ်။ အခုလို လှုပ်ရှားမှုမှာ ဟင်္သာတတက္ကသိုလ် ရဲ့ပါချုပ်၊ ဒုချုပ်သာမက စီမံရေးရာဌာနဝန်ထမ်းများ၊ တက္ကသိုလ်ဆရာ၊ဆရာမများ၊ သင်တန်းရေးရာဌာနများ၊ နယ်မြေ၊ ဌာနပေါင်းစုံအသီးသီးက ဆရာ၊ ဆရာမများ၊ ဆရာ၊ဆရာမသမဂ္ဂဝင်များ ရာနူန်းပြည့်ပါဝင်ပြီး ဒီလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုပြုလုပ်ပြီး ကျွန်မတို့တောင်းဆိုချင်တာ(၃)ချက်ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဖမ်းဆီးခံထားရသူ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ရွေးကောက်ပွဲရလာဒ်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့နဲ့ လွှတ်တော် အမြန်ဆုံးခေါ်ယူပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဖြေကြားသည်။

ယင်းလှုပ်ရှားမှု၌ ဖဲကြိုးနီများကို တပ်ဆင်၍ ဖဲကြိုးနီပုံနှင့် Civil Disobedience၊ Myanmar Teachers စာသားပါ စာရွက်များကို ကိုင်ဆောင်ကာ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုပြီး “ပြည်သူ့အစိုးရထံမှ အဓမ္မ အာဏာ လုယူထားသော စစ်အာဏာရှင်များအား ကန့်ကွက်ရှုတ်ချပါသည်” စာသားပါ ဗွီနိုင်းနှင့်အတူ  စုပေါင်းမှတ်တမ်း တင်ခဲ့ကြသည်။ 

 


READ NEXT
Cancel OK