Top News

အင်္ဂလန်၌ ရိုင်အိုလာနှင့် ဟော်လန်းဖခင်တို့ Quarantine ဝင်ရမည်ဖြစ်၍ အပြောင်းအရွှေ့ဆွေးနွေးမှု ကြန့်ကြာဖွယ်ရှိ
24htopnews | November 25, 2024 6:13 PM CST

အီတလီနာမည်ကျော်အေးဂျင့် ရိုင်အိုလာနှင့် ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟော်လန်း၏ ဖခင်ဖြစ်သူ အင်ဂဲဟော်လန်းတို့သည် ပရီးမီးယားလိဂ် အသင်းကြီးများနှင့် (ဟော်လန်း၏အပြောင်းအရွှေ့အတွက်)ဆွေးနွေးရန် စီစဉ်နေသော်လည်း အင်္ဂလန်တွင် Quarantine  ဝင်ရမည်ဖြစ်၍ အပြောင်းအရွှေ့ဆွေးနွေးမှုမှာ ကြန့်ကြာဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

၎င်းတို့ (၂)ဦးသည် ပြီးခဲ့သည့်ရက်ပိုင်းက စပိန်နိုင်ငံသို့သွားရောက်ခဲ့ပြီး ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ၊ ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စပိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ 

လာမည့်နွေရာသီတွင် နာမည်ကြီးဥရောပအသင်းတစ်သင်းသင်းသို့ ဟော်လန်းပြောင်းရွှေ့ရန်အတွက် ၎င်းတို့(၂)ဦးက ကြိုးပမ်းနေပြီး အင်္ဂလန်ရှိ ပရီးမီးယားလိဂ်အသင်းကြီး(၄)သင်းဖြစ်သော မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့မှ တာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးရန် စီစဉ်နေခြင်းဖြစ်သည်။ 

သို့သော် ဗြိတိ်န်တွင်သတ်မှတ်ထားသော ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များအရ စပိန်နိုင်ငံမှ အင်္ဂလန်သို့ လာရောက်သော (ပြိုင်ပွဲကြီးများယှဉ်ပြိုင်မည့်) အားကစားသမားများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသာ Quarantine  ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး အေးဂျင့်များမှာ ကင်းလွတ်ခွင့်ရမည်မဟုတ်ပေ။ 

သို့ဖြစ်ရာ ရိုင်အိုလာနှင့် အင်ဂဲဟော်လန်းတို့မှာ စည်းမျဉ်းစည်းကမ်းများအတိုင်း Quarantine  (၁၀) ရက်ဝင်ရမည်ဖြစ်ပြီး မည်သူနှင့်မှ ထိတွေ့ခွင့်ရရှိမည်မဟုတ်၍ အင်္ဂလန်ကလပ်များနှင့် ဆွေးနွေးမှုမှာ ကြန့်ကြာမှု ရှိနိုင်ကြောင်း သိရှိရသည်။


READ NEXT
Cancel OK