Top News

ယခုတစ်ပတ်ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် ဒဏ်ရာကြောင့် ကာလကြာရှည်အနားယူနေရသည့် တိုက်စစ်မှူးအောင်သူ အပါအဝင် မောင်မောင်လွင်၊ ဇော်မင်းထွန်းတို့ ကစားခွင့်ရရှိ
24htopnews | November 25, 2024 8:12 PM CST

ယခုတစ်ပတ်ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် ဒဏ်ရာကြောင့် ကာလကြာရှည်အနားယူနေရသည့် တိုက်စစ်မှူးအောင်သူ အပါအဝင် မောင်မောင်လွင်၊ ဇော်မင်းထွန်းတို့ ကစားခွင့်ရရှိခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ထိုင်းလိဂ်-၁ နှင့် ထိုင်းလိဂ်-၂ ပြိုင်ပွဲများကို နိုဝင်ဘာ ၂၂၊ ၂၃၊ ၂၄ ရက်များက ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုတစ်ပတ် ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ်(၁၄) တွင် တိုက်စစ်မှူးအောင်သူ၏ အူထိုင်းထာနီအသင်းသည် အိမ်ကွင်းတွင် ထိုင်းဆိပ်ကမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

ယင်းပွဲတွင် တိုက်စစ်မှူးအောင်သူသည် အူထိုင်းထာနီအသင်း၌ ပွဲထွက်ကစားခွင့်မရခဲ့သော်လည်း ပွဲကစားချိန်(၆၈) မိနစ်တွင် လူစားဝင်ကစားခွင့် ရရှိခဲ့သည်။

အောင်သူသည် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ယခုပွဲမတိုင်မီ ပြီးခဲ့သည့်နိုဝင်ဘာ ၁၅ ရက်က ထိုင်းလိဂ်-၃ ကလပ် ရတ်ချာပရာချာအသင်းအား (၆-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့်ခြေစမ်းပွဲတွင် အူထိုင်းထာနီအသင်းအတွက် ပြန်လည် စတင်ကစားပေးခဲ့ခြင်းဖြစ်သည်။

တိုက်စစ်မှူး အောင်သူသည် ပြီးခဲ့သည့်သြဂုတ် ၁၇ ရက်က ရတ်ချာဘူရီအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည့်ပွဲတွင် နောက်ဆုံးကစားခဲ့ပြီးနောက် သုံးလကျော်ကြာမှ ယခုတစ်ပတ်ကျင်းပခဲ့သည့် ပွဲစဉ်(၁၄) ရောက်မှသာ အူထိုင်းထာနီအသင်းအတွက် ပြန်လည်ကစားပေးနိုင်ခြင်း ဖြစ်သည်။

အောင်သူသည် ဒဏ်ရာဟောင်းဖြစ်သည့် ဒူးဒဏ်ရာကို ပြီးခဲ့သည့်စက်တင်ဘာ နောက်ဆုံးပတ်အတွင်းက ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ကာလရှည်အနားယူခဲ့ရခြင်းဖြစ်သည်။

အောင်သူသည် ယခုရာသီတွင် အူထိုင်းထာနီအသင်းအတွက် ၃ ပွဲသာကစားပေးရသေးပြီး တစ်ဂိုးမျှ သွင်းယူပေးနိုင်ခြင်းလည်း မရှိသေးကြောင်း သိရသည်။

ယခုတစ်ပတ်ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြီုင်ပွဲများတွင် တောင်ပံတိုက်စစ်မှူးမောင်မောင်လွင်၏ လမ်ဖွန်အသင်းမှာ ပရာချွတ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။

ယင်းပွဲတွင် မောင်မောင်လွင်မှာ လမ်ဖွန်အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပွဲချိန်ပြည့်ကစားခွင့်ရခဲ့သည်။

လက်ရွေးစင်ဟောင်း ၀ါရင့်နောက်ခံလူ ဇော်မင်းထွန်း၏ ထရတ်အသင်းမှာ ချိုင်နတ်ဟွန်ဘေးအသင်းကို(၁-၀) ဂိုးဖြင့်အနိုင်ရခဲ့သည်။

ယင်းပွဲတွင် ဇော်မင်းထွန်းမှာ ထရတ်အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပွဲချိန်ပြည့်ကစားခွင့်ရခဲ့သည်။ 


READ NEXT
Cancel OK