Top News

Opta မှထုတ်ပြန်သည့် အချက်အလက်များအရ မန်စီးတီးအသင်း၏ စွမ်းဆောင်ရည်အကောင်းဆုံးကလပ်အသင်း ဂုဏ်ပုဒ်အား အင်တာမီလန် လွှဲပြောင်းရယူခဲ့
24htopnews | November 25, 2024 8:12 PM CST

အင်တာမီလန်အသင်းသည် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့သည့်  စီးရီးအေပွဲစဉ် (၁၃) အဝေးကွင်းပွဲစဉ်တွင် ဗီရိုနာအသင်းအား (၅-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)တွင် စပါးအသင်းအား အိမ်ကွင်း၌ (၀-၄)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအသင်းကို ကျော်ဖြတ်ကာ စွမ်းဆောင်ရည်အကောင်းဆုံးကလပ်အသင်းဂုဏ်ပုဒ်ကို လွှဲပြောင်းရယူနိုင်ခဲ့ကြောင်းသိရသည်။

ဘောလုံးအချက်အလက်နှင့် Data ဝက်ဘ်ဆိုက်တစ်ခုဖြင်သည့် Opta သည် ကမ္ဘာပေါ်ရှိ အမျိုးသားပရော်ဖက်ရှင်နယ်ကလပ်အသင်းပေါင်း (၁၃၀၀၀)ကျော်၏ အောင်မြင်မှု၊ ကွင်းတွင်းစွမ်းဆောင်ရည်မှတ်တမ်းနှင့် နိုင်ပွဲရရှိမှု၊ သွင်းဂိုးရရှိမှုတို့အပေါ်အခြေခံကာ ရမှတ်များတွက်ချက်ထုတ်ပြန်လေ့ရှိပြီး မန်စီးတီးအသင်းသည် ရက်ပေါင်း (၆၀၀)ကျော်ထိပ်ဆုံးနေရာတွင် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အင်တာမီလန်အသင်းက မန်စီးတီးအသင်း၏ ထိပ်ဆုံးနေရာကို လွှဲပြောင်းရယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် ယခုရာသီပြိုင်ပွဲစုံ (၁၇)ပွဲ ယှဉ်ပြိုင်ကစားထားရာတွင် (၁)ပွဲသာရှုံးနိမ့်ခဲ့ပြီး (၁၁)ပွဲနိုင်၊ (၅)ပွဲ သရေရလဒ်ကိုရရှိခဲ့ကာ အနိုင်ရာခိုင်နှုန်း (၆၄.၇၁%)အထိရှိခဲ့ပြီး၊ မန်စီးတီးမှာမူ ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲဆက် စံချိန်တင်ရှုံးနိမ့်မှုအပါအဝင် ပြိုင်ပွဲစုံ (၁၉)ပွဲယှဉ်ပြိုင်ကစားထားရာတွင် (၁၀)ပွဲသာအနိုင်ရရှိထားပြီး (၄)ပွဲသရေ၊ (၅)ပွဲရှုံးနိမ့်ခဲ့ခြင်းကြောင့် ထိပ်ဆုံးနေရာမှ ဆင်းပေးခဲ့ရခြင်းဖြစ်သည်။

အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီက စကူဒက်တိုချန်ပီယံဆုအား ရယူနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။


READ NEXT
Cancel OK