Top News

မြန်မာ-ထိုင်း နယ်စပ် ထိုင်းနိုင်ငံရှိ မယ်လဒုက္ခသည်စခန်း မီးလောင်ခဲ့ပြီး နေအိမ် ၅၀ ခန့် မီးလောင်ဆုံးရှုံး
24htopnews | November 25, 2024 10:12 PM CST

မြန်မာ-ထိုင်း နယ်စပ် ထိုင်းနိုင်ငံဘက်ရှိ စစ်ပွဲရှောင် မြန်မာနိုင်ငံသားများ နေထိုင်သည့် မယ်လ ဒုက္ခသည် စခန်းတွင် ဖေဖော်ဝါရီ ၉ ရက် ည ၁၀ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၅၀ ခန့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၉ ရက် ည၁၀ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ရာ အနီးပတ်ဝန်းကျင် မြို့နယ်များမှ မီးသတ်ကား ခြောက်စီးဖြင့် မီးငြိှမ်းသတ်ရာ ၁၂ နာရီခွဲခန့်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“မီးဘယ်က စလောင်လည်းတော့ မသိပါဘူး။ စစ်ဆေးနေတုန်းပါပဲ။ အိမ်‌ခြေ ၅၀ ခန့် မီးလောင်သွားလို့ လူဦးရေ ၂၀၀ လောက်အတွက် နေရေး စားရေးကို သင့်တော်သလို စီစဉ်ဆောင်ရွက် ပေးထားတယ်လို့ သိရပါတယ်” ဟု မဲဆောက်မြို့မှ ကိုကြီးမန်းက ဆိုသည်။

မယ်လ ဒုက္ခသည်စခန်းသည် မီးလောင်မှု ဖြစ်ပွားခဲ့သည်မှာ လေးကြိမ်အထက် ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

မယ်လ ဒုက္ခသည်စခန်းသည် တာ့ခရိုင် ထဆောင်ရမ်းမြို့နယ်တွင်ရှိပြီး မဲဆောက်မြို့မှ မြောက်ဘက်သို့ မိုင် ၃၀ ခန့် ကွာဝေးကြောင်း သိရသည်။ မြန်မာ-ထိုင်း နယ်စပ်တွင် တာ့ခရိုင်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုးဒုက္ခသည်စခန်း အပါအဝင် စစ်ဘေးဒုက္ခသည်စခန်း ကိုးခုရှိပြီး မြန်မာနိုင်ငံသား တစ်သိန်းခန့် နေထိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

မီးဘေးသင့်ပြည်သူ ၂၀၀ ခန့်အား မယ်လစခန်းရှိ ဆွေမျိုးနေအိမ်တို့တွင် နေရာချထားပြီး စားသောက်ရေးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက စီစဉ်ပေးထားကြောင်းလည်း သိရသည်။

 


READ NEXT
Cancel OK