Top News

မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲမတိုင်မီ ပြည်တွင်း MNL ကလပ်အသင်းများနှင့် ခြေစမ်းကစားမည်
24htopnews | November 26, 2024 6:12 AM CST

မြန်မာ့လက်ရွေးစင်အသင်းသည်  ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲမတိုင်မီ ပြည်တွင်း MNL ကလပ်အသင်းများနှင့် ခြေစမ်းကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည်  ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲမတိုင်မီ ပြည်ပကလပ်အသင်းများနှင့် ခြေစမ်းကစားခြင်း၊ ပြည်ပနိုင်ငံတစ်နိုင်ငံသို့ သွားရောက်၍ နေထိုင်လေ့ကျင့်ခြင်းများ ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲမတိုင်မီ ပြည်တွင်း၌သာ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်း MNL ကလပ်အသင်းများနှင့်သာ ခြေစမ်းကစားသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက်မှစ၍ ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲအတွက် ပြန်လည်လေ့ကျင့်မှုများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန်အတွက် MNL ကလပ်အသင်းများနှင့် ညှိနှိုင်းနေပြီး လာမည့်ရက်ပိုင်းအတွင်း အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ (၁၉) ရက်တွင် လက်ဘနွန်အသင်းနှင့် ခြေစမ်းပွဲကစားပြီးနောက် ကစားသမားများအား သက်ဆိုင်ရာကလပ်များသို့ ပြန်လည်စေလွှတ်လိုက်ပြီး  နိုဝင်ဘာ ၂၅ ရက်မှစ၍ ပြန်လည်လေ့ကျင့်နေခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်း၌ ပြည်တွင်းကစားနေသည့် ကစားသမားများသာ ပူးပေါင်းနိုင်သေးပြီး ပြည်ပထွက်ကစားနေသည့် ကစားသမားများမှာမူ ပူးပေါင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နှစ်ပတ်ဝန်းကျင်သာ ရရှိတော့မည်ဖြစ်ပြီး လူစုံလေ့ကျင့်နိုင်မည့်ရက်မှာမူ နည်းပါးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ပြည်တွင်းနည်းပြဖြစ်သူ ဦးမျိုးလှိုင်ဝင်းကို ပြီးခဲ့သည့်စက်တင်ဘာဒုတိယပတ်အတွင်းက တာဝန်ပေးခန့်အပ်ခဲ့သည်။

ထို့နောက် နည်းပြဦးမျိုးလှိုင်ဝင်းသည် စက်တင်ဘာနောက်ဆုံးပတ်တွင် ကစားသမား ၃၉ ဦးဖြင့် မြန်မာ့လက်ရွေးစင်အသင်းကို စတင်ဖွဲ့စည်းပြီး လေ့ကျင့်မှုပြုလုပ်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲမတိုင်မီ FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ ၄ ပွဲ အဖြစ် အိမ်ကွင်း သုံးပွဲ၊ အဝေးကွင်း တစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ကွင်း တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ အဝေးကွင်း တစ်ပွဲရှုံးရလဒ်များ ထွက်ပေါ်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အိမ်ကွင်းတွင် သီရိလင်္ကာလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ (၂-၀) ဂိုးဖြင့် တစ်ပွဲအနိုင်ရပြီး ဂိုးမရှိ တစ်ပွဲ သရေကျခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အိမ်ကွင်းတွင် လက်ဘနွန်လက်ရွေးစင်အသင်းကို(၂-၃) ဂိုးဖြင့် ရှုံးနိမ့်ထားသလို အဝေးကွင်းတွင် စင်ကာပူလက်ရွေးစင်အသင်းကို (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲ  အုပ်စု (B) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နှင့် ကျရောက်နေသည်။  


READ NEXT
Cancel OK