Top News

နှစ်နှစ်အတွင်း မြန်မာနိုင်ငံရှိ ခွေးနှင့်ကြောင် တစ်သန်းအား ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံမည်
24htopnews | November 26, 2024 6:12 AM CST

၂၀၁၉-၂၀၂၁ အတွင်း မြန်မာနိုင်ငံရှိ ခွေးနှင့် ကြောင် တစ်သန်းအား ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံသွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံရန် ဆောင်ရွက်ခြင်း မီဒီယာများအား ရှင်းလင်းပြောကြားပွဲမှ သိရသည်။

“အခုလို လုပ်ဖို့အတွက် မနှစ်တုန်းက စမ်းသပ်စီမံကိန်း မြို့နယ်နှစ်မြို့နယ်ဖြစ်တဲ့ လယ်ဝေးမြို့နယ်နဲ့ မန္တလေးတိုင်း ပုဂံညောင်ဦးမြို့နယ်မှာ စမ်းသပ်ဆောင်ရွက်ခဲ့ပါတယ်။ နှစ်လအတွင်းမှာ ခွေးအကောင်ရေပေါင်း ခြောက်သောင်းနီးပါးကို ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပါတယ်။ တစ်ရက်ကို ၁၂၀၀ ခန့် ထိုးပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်ကစပြီးတော့ တစ်ရက်ကို ခွေးကောင်ရေ ၁၅၀၀ ခန့် ပျမ်းမျှထိုးပေးဖို့အတွက် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ လိုအပ်တဲ့ဆေး၊ ပစ္စည်းကိရိယာ၊ လူတွေ လေ့ကျင့်မှုကို ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ စီမံကိန်းအောင်မြင်ဖို့ ယူဆပါတယ်” ဟု မင်္ဂလာမြန်မာမှ ဒေါက်တာဖုန်းဝင်းက ပြောကြားသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ခွေးရူးရောဂါ ကင်းစင်သည့်နိုင်ငံ ဖြစ်စေရမည်ဟု နိုင်ငံတော်နှင့် အာဆီယံတို့၏ သဘောတူညီချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ရည်မှန်းချက် အောင်မြင်စေရေးအတွက် အကောင်အထည်ဖော်ရန် FOUR PAWS International နှင့် မင်္ဂလာ မြန်မာတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အောက်တိုဘာလတွင် တွေ့ဆုံကာ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်တာ ကာလအတွင်း ခွေးနှင့် ကြောင် အကောင်ရေ တစ်သန်းအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည့်ကိစ္စကို တင်ပြခဲ့ပြီး သဘောတူ စာချွန်လွှာအား နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ လက်မှတ်ရေးထိုးခဲ့သည်။

သဘောတူညီချက်အရ အခမဲ့ခွေးရူးကာကွယ်ဆေး ထိုးနှံခြင်းအား ပထမနှစ်အဖြစ် ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး FOUR PAWS International မှ ခွေးရူးရောဂါ ကာကွယ်ဆေး အလုံးရေ ငါးသိန်း ထောက်ပံ့ခြင်းသာမက နိုင်ငံတကာမှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ ကာကွယ်ဆေး ထိုးနှံရာတွင် လိုအပ်သည့် ပစ္စည်းများ၊ တိရစ္ဆာန် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း အမှတ်အသားများ စာရင်းပြုစုခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမဲ့ ကာကွယ်ဆေး ထိုးနှံခြင်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် အခြေခံတိရိစ္ဆာန် ကျန်းမာရေးလုပ်သား ၁၀၀ တို့မှ ပူးပေါင်းပါဝင်ကာ ထပ်မံလိုအပ်မည့် ကာကွယ်ဆေးများ ရရှိရေးအတွက် ရှာဖွေမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK