စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မဟာဓာတ်အားလိုင်း မရောက်ရှိသေးသော ချင်းတွင်းမြစ် အထက်ပိုင်းဒေသ မြို့နယ်များတွင် အသေးစား ရေအားလျှပ်စစ် စီမံကိန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းတွင်းမြစ် အထက်ပိုင်းရှိ ဒေသများဖြစ်သော ဟုမ္မလင်းမြို့နယ်တွင် ၄ မဂ္ဂါဝပ် ရရှိနိုင်မည့် အသေးစား ရေအားလျှပ်စစ်နှင့် ခန္တီးမြို့နယ်တွင်လည်း အသေးစား ရေအားလျှပ်စစ် စီမံကိန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။
“စစ်ကိုင်းတိုင်း အထက်ပိုင်းကို National Grid က မရောက်ဘူးလေ။ မရောက်တော့ ကျွန်တော်တို့ လက်ထက်မှာတော့ ရောက်ဖို့ခဲယဉ်းနေတဲ့ဒေသ ဟုမ္မလင်းတို့၊ ခန္တီးတို့ စတဲ့ဒေသတွေဘက်မှာ လျှပ်စစ်ဓာတ်အား ရနိုင်အောင် အပူတပြင်း ဆောင်ရွက်တာပေါ့။ ဟုမ္မလင်းမြို့နယ် နမ့်ပငချောင်းမှာ ၂ မဂ္ဂါဝပ်နှစ်လုံးနဲ့ ၄ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် အသေးစား ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၀ မှာ အပြီးဆောင်ရွက်နိုင်ဖို့ စီစဉ်နေပါတယ်။ နောက်ထပ် ကမ်းလှမ်းထားတာလည်း ရှိပါတယ်။ အထူးသဖြင့် ခန္တီးပေါ့။ ခန္တီးဘက်က ချောင်းတစ်ခု ရှိပါတယ်။ အဲဒီမှာလည်း ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ဖို့ ကွင်းဆင်းစစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်။ လတ်တလောမှာလည်း ကျွန်တော်တို့က ကလေးဝဒေသမှာ ကျောက်မီးသွေးနဲ့ လျှပ်စစ်ဓာတ်အား ထုတ်မယ့်ဟာကိုလည်း စီစဉ်နေပါတယ်။ အဲဒါကိုတော့ MoU၊ MoA ထိုးပြီးပြီ။ မြေငှားစာချုပ်ကို ပြည်ထောင်စုကို တင်ထားတယ်။ အဲဒါကတော့ ၃ မဂ္ဂါဝပ် နှစ်လုံးဆိုတော့ အများကြီး ထွက်မှာပေါ့ဗျာ။ ဒေသခံတွေကလည်း လတ်တလောတော့ သဘောတူတယ်။ တကယ်လုပ်တဲ့ အခါတော့ ဘယ်လိုဖြစ်မယ် မသိသေးဘူးပေါ့။ အထူးသဖြင့် ကျွန်တော်တို့ လက်ထက်မှာ ချင်းတွင်းမြစ် အထက်ပိုင်းကို လျှပ်စစ်မီးရအောင် အပူတပြင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဦးသန်းညွန့်ဝင်းက ပြောကြားသည်။
ခန္တီးမြို့နယ်အတွင်း အသေးစား ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ချိ ပေးနိုင်ရန်အတွက် လက်ရှိတွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် နေရာနှစ်ခုကို ကြည့်ရှုထားကြောင်း ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေး၏ ပြောကြားချက်အရ သိရသည်။
“လက်ရှိကြည့်ထားတာ နှစ်နေရာရှိတယ်။ တာဝိုင်ချောင်းရယ်၊ နန်စလိန်ချောင်းနဲ့ တီးတစ်ချောင်းဆုံမှာပေါ့။ လုပ်တာကတော့ တိုင်းအစိုးရရဲ့ အစီအမံနဲ့ လုပ်မယ့် အသေးစား ရေအားလျှပ်စစ်ပါ။ ဒါနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်မှာလည်း အရင်က တင်ပြထားတာ ရှိတယ်လေ။ ပညာရှင်လွှတ်ပြီး မြေပြင်ကွင်းဆင်းဖို့လည်း စီစဉ်နေတယ်။ မဂ္ဂါဝပ် ဘယ်လောက်ထွက်မလဲ ဆိုတာတော့ ပညာရှင်တွေ ကွင်းဆင်းစစ်ဆေးပြီးမှ သိနိုင်မယ်။ ခန္တီးမြို့နယ်မှာက လျှပ်စစ်ကို ဒီဇယ်နဲ့ ပေးတာပဲ သုံးနေရတော့ စျေးနှုန်းကြီးသလို ဒီဇယ်စျေးတက်ရင် တက်သလို စျေးကလည်း တက်နေတာလေ။ ဒါကြောင့် ဒေသခံတွေ ပြည်သူတွေ စျေးနှုန်းသက်သက်သာသာနဲ့ လျှပ်စစ်အသုံးပြုနိုင်အောင် စီစဉ်တာပါ” ဟု ဦးမောင်တေးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ချင်းတွင်းမြစ် အထက်ပိုင်းဒေသ မြို့နယ်များဖြစ်သော ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်များတွင် အစိုးရနှင့် ဖက်စပ်ပေးသော ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားကို အသုံးပြုနေရပြီး တစ်ယူနစ်စျေးနှုန်း ကျပ် ၆၀၀ ခန့်ကုန်ကျသဖြင့် ဒေသခံများ ငွေကြေးပိုမို ကုန်ကျနေပြီး အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
