Top News

နယ်စပ်မှ တရားမဝင် စပါး တင်ပို့မှုများခဲ့သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု ယခင်နှစ်ထက်လျော့ကျနိုင်ပြီး ဆန်တန်ချိန်နှစ်သန်းမှ သုံးသန်းကြားသာ အများဆုံးတင်ပို့နိုင်မည်ဟု ခန့်မှန်း
24htopnews | November 26, 2024 6:12 AM CST

နယ်စပ်မှတစ်ဆင့် စပါးအတိုင်း တရားမဝင် တင်ပို့မှုများခဲ့သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တင်ပို့မှု ယခင်နှစ်ထက် လျော့ကျနိုင်ပြီး ဆန်တန်ချိန်နှစ်သန်းမှ သုံးသန်းကြားသာ အများဆုံးတင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“ကျွန်တော်တို့မှန်းတာကတော့ တန်ချိန်နှစ်သန်းနဲ့ သုံးသန်းကြားမှာ တင်ပို့နိုင်မယ်လို့ မှန်းပါတယ်။ ခုနက ကျွန်တော်ပြောသလို စပါးကလည်း ထွက်သွားတဲ့အနေအထားမှာ ဆန်အဖြစ် တင်ပို့နိုင်တဲ့အနေအထားတစ်ခု က ကျွန်တော်တို့ စောင့်ကြည့်ရဦးမယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့်  ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ အောက်တိုဘာအထိ ခုနစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့ထားပြီး တန်ဖိုး ဒေါ်လာသန်း ၄၃၀ ကျော်အထိ ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့မှုသည် တန်ချိန် ၆၇၃,၁၂၈၉ ဒသမ ၆၅၀ တန်ကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၂၄၀ နီးပါးရရှိထားသည်။

ထို့အတူ ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် တန်ချိန် ၅၈၇,၅၅၅ တန်ကျော်ရှိပြီး တန်ဖိုး ဒေါ်လာ ၁၉၆ ဒသမ ၉၄၁ သန်း ရရှိထားသည်။

ယခုနှစ် မိုးရာသီကောက်သစ်ပေါ်သည့် ဒေသများမှ ရာသီစ ကောက်သစ်စပါးများကို နေ့စဉ် တင်းသောင်းနှင့်ချီကာ တရုတ်နိုင်ငံသို့ တရားမဝင် ဝယ်ယူတင်ပို့မှုများရှိခဲ့သည်။

“ဆန်စပါးကို ပြည်တွင်းမှာတော့ ဥပဒေအရ လွတ်လပ်စွာ ဝယ်ယူရောင်းချခွင့်ပြုထားပါတယ်။ ဥပမာ မူဆယ်အထိကို ရောင်းဝယ်ခွင့်ပြုတယ်။ မူဆယ်နယ်စပ်ကနေ ဟိုဘက်အထိကျတော့ ခွင့်ပြုထားတာမဟုတ်ဘူး။ နောက်ပြီး နယ်စပ်တစ်လျှောက်မှာ အပေါက်ပေါင်းစုံကနေ စပါးကိုတရားမ ဝင်တင်ပို့နေကြတယ်။ ဒါကို ဘယ်လိုတားဆီးမလဲ။ တကယ်လို့ ဥပဒေအရ စပါးတင်ပို့ခွင့်ကို ပြု မယ်ဆိုရင်လည်း သင့်လျော်တဲ့ စည်းမျဉ်းစည်းကမ်းပေါ့၊ သတ်မှတ်ပြီး တင်ပို့ခွင့်ပြုမယ်ဆိုရင်လည်း ခွင့်ပြုပေါ့။ အခုက တရားဝင်လည်းမဟုတ်ဘဲ တရားမဝင်ကို နယ်စပ်အပေါက်တွေက တင်ပို့နေကြတာ” ဟု ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ စပါးများတရားမဝင်ထွက်ရှိနေမှုအား ထိရောက်စွာ အရေးယူကိုင်တွယ်နိုင်ခြင်း မရှိပါက စျေးနှုန်းဖျက်၍လိုအပ်သလောက်သာ ဝယ်ယူခြင်းကြောင့်  ပြည်တွင်း ဆန်စပါးစျေးကွက်အပေါ်ထိခိုက်ခြင်း၊ စပါး စျေးနှုန်း၊ ဆန်စျေးနှုန်းများ ကြီးမြင့်လာစေခြင်း၊ ပြည်တွင်းဆန်စက်အချို့ လုံးဝရပ်နားရမည့် အခြေအနေဖြစ်လာခြင်း၊ ဆန်ထွက် ကုန်ကြမ်းများနှင့်ပတ်သက်၍ ဆက်နွှယ်လုပ်ကိုင်နေသည့် ကြက်မွေးမြူရေး၊ ငါးမွေးမြူရေး၊ နွားမွေးမြူရေး လုပ်ငန်းများလျော့ကျစေခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုး များဖြစ်ပေါ် စေနိုင်ကြောင်းနှင့် အထက်ပါ အခြေအနေများကို အောက်တိုဘာ ၆ ရက်က ကျင်းပခဲ့သည့် ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်များ  တွေ့ဆုံပွဲတွင်  တင်ပြခဲ့ကြောင်း သိရသည်။                                  

 


READ NEXT
Cancel OK