Top News

မောင်တောမြို့နယ်တောင်ပိုင်း ဒေသနှင့် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်တို့တွင် ဘင်္ဂါလီများအား ပြန်လည်နေရာချထားခြင်း မပြုရန် တောင်းဆိုချက်အပေါ် နိုင်ငံတော်နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြု အရေးယူ ဆောင်ရွက်ပေးရေး သဘောထားထုတ်ပြန်
24htopnews | November 26, 2024 6:12 AM CST

မောင်တောမြို့နယ် တောင်ပိုင်းဒေသနှင့် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်တို့တွင် ဘင်္ဂါလီများအား ပြန်လည်နေရာချထားခြင်း မပြုရန် တောင်းဆိုချက်အပေါ် နိုင်ငံတော်အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် အသိအမှတ်ပြု အရေးယူ ဆောင်ရွက်ပေးရေး သဘောထား ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် အချက်ငါးချက်ပါဝင်ပြီး အဆိုပါအချက်များကို နိုင်ငံတော်အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အသိအမှတ်ပြု အရေးယူ ဆောင်ရွက်ပေးရေး မောင်တောမြို့နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များ၏ ကိုယ်စားပြု လူမှုအဖွဲ့အစည်းများက လက်မှတ်ရေးထိုး တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မောင်တောမြို့နယ် ကိုယ်စားပြု ဦးစိန်လှဖြူက “ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂါလီတွေကို မောင်တောတောင်ပိုင်းနဲ့ ရသေ့တောင် မြို့နယ်တွေမှာ နေရာချထားမပေးဖို့ နိုဝင်ဘာ ၄ ရက် နေ့လယ် ၂ နာရီ အချိန်က မောင်တောမြို့နယ်က ပြည်သူတွေ၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က ဒေသခံပြည်သူတွေဟာ မောင်တောမြို့ပေါ်မှာ စုဝေးပြီး လှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ကြတယ်။ အဲဒီလူထု ဆန္ဒဖော်ထုတ်ပွဲအပေါ် မြို့နယ် သုံးမြို့နယ်လုံး ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားကို Statement ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

သဘောထား ထုတ်ပြန်ချက်တွင် မောင်တောမြို့နယ် တောင်ပိုင်းဒေသနှင့် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင် မြို့နယ်တို့တွင် ဘင်္ဂါလီများအား ပြန်လည်နေရာချထားခြင်း မပြုရန် တောင်းဆိုချက်အပေါ် အပြည့်အဝ ထောက်ခံကြောင်း၊ အကြမ်းဖက် ဘင်္ဂါလီများအား ဖော်ထုတ်ပြီး တရားဥပဒေ စိုးမိုးရေး နယ်မြေတည်ငြိမ် အေးချမ်းရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တောင်းဆိုမှုအပေါ် အပြည့်အဝ ထောက်ခံကြောင်းနှင့် မောင်တောမြို့နယ် တောင်ပိုင်းဒေသတွင် တိုင်းရင်းသား ကျေးရွာသစ်များ ဖော်ဆောင် နေရာချထားရေး တောင်းဆိုချက်အပေါ် အပြည့်အဝ ထောက်ခံကြောင်းတို့ ပါဝင်သည်။

ထို့ပြင် ၆-၄-၂၀၁၈ နေ့ရက် ရခိုင်ပြည်နယ် လွှတ်တော်၏ မောင်တောတောင်ပိုင်း ဒေသတွင် ဘင်္ဂါလီများ နေရာမချထားရေး အတည်ပြု ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံကြောင်းနှင့် ၆-၁၂-၂၀၁၇ နေ့ရက် မောင်တောမြို့ သာသနာ့ဗိမာန်၌ ကျင်းပသည့် အစည်းအဝေးက အတည်ပြု ဆုံးဖြတ်ချက်များကို အတည်ပြု ထောက်ခံကြောင်း ဖော်ပြပါရှိသည်။ မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ်အတွင်း ဘင်္ဂါလီများနေရာ မချထားရေးအတွက် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်မှ ဒေသခံ ၁၀၀၀ ကျော်က မောင်တောမြို့တွင် နိုဝင်ဘာ ၄ ရက်က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြောင်း သိရသည်။                

 


READ NEXT
Cancel OK