ကချင်ပြည်နယ် တရုတ်တစ်ရှူးငှက် ပျောခင်းများတွင် အလုပ်သမားများ ပြဿနာ ဖြစ်ပွားပါက တာဝန်ခံ တာဝန်ယူပြီး မျှတစွာ ဖြေရှင်းသည့်အဖွဲ့ မရှိဖြစ်နေကြောင်း ပြဿနာ ဖြစ်ပွားခဲ့သည့် အလုပ်သမားများက ဆိုသည်။
ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျော စိုက်ခင်းဧက တစ်သိန်းဝန်းကျင်တွင် ငါးဧကလျှင် လုပ်သားသုံးဦးနှုန်းဖြင့် အလုပ်သမား ခြောက်သောင်းအထက် အမြဲရှိနေကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။
မြစ်ကြီးနားမြို့နယ် ရွာသစ်ကျေးရွာဝန်းကျင်တွင် ပြဿနာဖြစ်ခဲ့သည့် ကျင်စားလုပ်ကိုင်သူ ဦးဇေယျာမင်းက “ကျင်စားဆိုတာက တစ်ကျင်အလေးချိန် ၃၄ ကျပ်သားခန့်ကို တရုတ်ယွမ်ငွေ သုံးဂျော့ရတယ်။ ငှက်ပျောစျေး ဘယ်လောက်တက်တက် ကျွန်တော်တို့က မတက်တော့ဘူး။ ကျွန်တော်တို့ကို ထုတ်တာက အလုပ်မလုပ်လို့ မဟုတ်ဘူး။ လိုအပ်တာကို တောင်းရင်းနဲ့ဖြစ်တာ။ ရွာမှာရှင်းတယ်။ အဆင်မပြေဘူး။ မြစ်ကြီးနားက အလုပ်သမားရုံးမှာ ရှင်းတယ်။ နေ့စား ကျပ် ၆၀၀၀ နှုန်းနဲ့ ရှင်းတယ်။ ကျွန်တော်တို့ ငှက်ပျောတွေဆိုရင် အခိုင်ထွက်ခါနီးပြီ။ အဲဒါ မောင်းထုတ်ခံရတာ။ ရရင် သိန်းသုံးလေးဆယ်လောက်ရမှာ။ မောင်းထုတ်ခံရတော့ ငွေလည်း သုံးလေးသိန်းပဲ ရတယ်။ ဒီမှာက ကျွန်တော်တို့ဘက်က ရပ်တည်မယ့်သူ မရှိဘူး။ ဒီမှာဖြစ်တာက တချို့လည်း အလုပ်သမားကြောင့်ဖြစ်တာ။ အများစုက တရုတ်လောပန်း ကိုယ်စားလှယ်တွေကကို မကောင်းတာပါ။ ငွေကြေးကအစ ဘာမှထုတ်လို့မရတော့ လုပ်ကိုင်ရတာ ကျပ်တည်းရတယ်။ နေမကောင်းရင်လည်း ဆေးဖိုးမပေးဘူး။ ဖျားရင်လည်း အလုပ်ဆင်းပဲ။ နောက်ပြီး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကို လက်အိတ်တို့၊ နှာခေါင်းဖုံးတို့ ပေးတာတွေ တချို့ကုမ္ပဏီတွေ မရှိဘူး” ဟု ပြောကြားသည်။
ဦးလောက်ကျေးရွာတွင် ငှက်ပျောခင်းများတွင် စျေးရောင်းနေသူ တစ်ဦးက “ဒီမှာက တရုတ်လောပန်းတွေက ကျင်စားအလုပ်သမားတွေကို မောင်းထုတ်တော့ အကြွေးတွေ တောင်းမရတာတွေရှိတယ်။ တစ်ဦးနှစ်ဦးလည်း မဟုတ်ဘူး။ နောက်ပြီး အလုပ်သမားတွေကို စားစရိတ်ပြည့်အောင် မပေးကြဘူး။ သူတို့က မပေးတော့ ဆိုင်တွေအားလုံးက အကြွေးတွေနဲ့ ကျန်ခဲ့တာတွေဖြစ်တာ။ မူရင်းလောပန်းတွေက အဲဒီလိုလုပ်တာ မဟုတ်ဘူး။ ကိုယ်စားလှယ်တွေက အောက်ခြေမှာ လုပ်ချင်သလိုလုပ် ဖြစ်နေတာ။ ဒီရပ်ကျေးတွေကလည်း တရုတ်ဘက်ကချည်း ဘက်လိုက်နေကြတာ” ဟု ပြောကြားသည်။
တရုတ်တစ်ရှူးငှက်ပျောခင်းများတွင် ကျင်စားလုပ်ငန်းမှာ ပုတ်ပြတ်လုပ်ငန်း ဖြစ်သော်လည်း လက်ရှိအချိန်အထိ ပြဿနာဖြစ်တိုင်း နေ့စားလုပ်ငန်းဖြင့်သာ ငွေပေးခြင်း ရှိနေကြောင်း သိရသည်။
တရုတ်တစ်ရှူးငှက်ပျောခြံများတွင် အလုပ်ရှင် အလုပ်သမား မပြေလည်သဖြင့် အသက်သေဆုံးသည်အထိ အမှုအခင်း ဖြစ်ပွားမှုများ ရှိနေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။
“အရင်က တရုတ်အမျိုးသမီးတစ်ဦး အလုပ်ပေးမယ်ပြောပြီး မပေးလို့ သတ်တာရယ်။ တရုတ်အမျိုးသား နှစ်ယောက်ကို သတ်ပြီး ထွက်ပြေးတာရယ် ရှိတယ်။ မိတယ်ဗျ။ အလုပ်ကိစ္စ မပြေလည်တာပဲ။ မြေယာရောင်းဝယ်တာက အောက်ခြေမှာ နားလည်မှုနဲ့ လုပ်တယ်။ မှောင်ခိုရောင်းဝယ်လို့ ပြောလို့ရတာပေါ့” ဟု ပြောကြားသည်။
ကချင်ပြည်နယ်တွင် သောင်းနှင့်ချီသော ရွှေ့ပြောင်းလုပ်သားများသည့် တရုတ်တစ်ရှူး ငှက်ပျောခင်းများတွင် ကျင်စား (လုပ်ကွက်အလိုက်ပြီးသည်အထိ ငှက်ပျောတန်ဖိုးကိုယူ၍ လုပ်ကိုင်သူ) နှင့် နေ့စားအလုပ်သမားများအဖြစ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် မေတွင် အစိုးရက ကောက်ယူသည့် စာရင်းအရ စိုက်ဧက လေးသောင်းကျော်ရှိရာမှ ၂၀၁၈ ခုနှစ် သြဂုတ်စာရင်းအရ ဧကပေါင်း ခြောက်သောင်းကျော်အထိ ကောက်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လူမှုအဖွဲ့အစည်းများ၊ ဒေသခံများက ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျောစိုက်ဧက တစ်သိန်းလေးသောင်းဝန်းကျင် ရှိနေကြောင်း သုံးသပ်ထားပြီး စိုက်ခင်းများတွင် ဓာတုပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အလွန်အကျွံ သုံးစွဲခြင်း၊ ရေဆိုးများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းတို့သည် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်စေကြောင်း၊ အခွန်နစ်နာမှု၊ မြေယာနစ်နာမှု၊ ဒေသခံများ နစ်မှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်းမည်ကို သြဂုတ် ၂၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ဦးနိုင်ကိုကိုက ဆွေးနွေးတင်ပြခဲ့သည်။
မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်မှ ဒေသခံများ တရုတ်တစ်ရှူးငှက်ပျောခင်း အလိုမရှိကြောင်း မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၃ ရက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တစ်ရှူးငှက်ပျောစိုက်ခင်းများ ထပ်မံတိုးချဲ့လာမှုကြောင့် ကေအိုင်အို အဖွဲ့ကလည်း စစ်ရှောင်ကျေးရွာများ၏ မြေများ၊ ပတ်ဝန်းကျင်များကို အဓမ္မသိမ်းယူခြင်း မပြုရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
