Top News

ဧရာဝတီ မြစ်ရေတိုက်စား ကမ်းပြိုမှုကြောင့် ဟင်္သာတမြို့နယ်၊ ရေလယ်သောင်ကျေးရွာအောက်စု ၌ စိုက်ပျိုးမြေများဆုံးရှုံးလျက်ရှိပြီး နေအိမ်များပါ ရွှေ့ပြောင်းနေရ
24htopnews | November 26, 2024 6:12 PM CST

ဧရာဝတီမြစ်ရေတိုက်စားကမ်းပြိုမှုကြောင့် ဟင်္သာတမြို့နယ်၊ ရေလယ်သောင်ကျေးရွာအောက်စု၌ စိုက်ပျိုးမြေများဆုံးရှုံးလျက်ရှိသည့်အပြင် နေအိမ်များပါဖျက်ရွှေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ဖျက်ရွှေ့ထားရသည့် နေအိမ် (၁၇)လုံးထိ ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပြိုတာပါ။ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်ကျေးရွာမှာက အထက်စု၊  အလယ်စု၊ အောက်စုဆိုပြီးရှိတယ်။ အခုက အောက်စုမှာဖြစ်တာပါ။ အိမ်တွေ ဖျက်ရွှေ့ရတာ (၁၇)လုံးရှိပြီ။ ကမ်းစပြိုတာ နှစ်ပတ်လောက်ရှိပြီ။ ဒီတစ်ပတ်အတွင်းမှာတော့ဆက်တိုက်လိုဖြစ်လာတယ်။ စိုက်ပျိုးမြေဖြစ်တဲ့ ငရုတ်ခင်းတို့ ကွမ်းခြံတို့လည်း ကမ်းနောက်ပါသွားတာတွေရှိတယ်။ ဖျက်ရွှေ့ခဲ့ရတဲ့မူလနေအိမ်နေရာတွေလည်းပါသွားပြီ"ဟု ဒေသခံတစ်ဦးက ဖြေကြားသည်။

"လက်ရှိ ဘေးလွတ်ရာဖျက်ရွှေ့ထားတဲ့အိမ်တွေကတော့ ကိုင်းထဲကို ပြောင်းပြီး ယာယီ တဲထိုးနေနေကြပါတယ်။ ရေညွန့်ထိုးလိုက် ပြိုလိုက်နဲ့ ကမ်းပြိုတာက မရပ်သေးဘူး။ နောက်ထပ်အိမ်စုနဲ့လည်း ပေ ၁၀၀ ဝန်းကျင်ပဲလိုတော့ အိမ်တွေထပ်ဖျက်ရနိုင်တဲ့အနေအထားရှိပါတယ်။ အဲဒီ့အိမ်စုမှာက အိမ်ခြေ(၃၀) လောက်ရှိမယ်။ သက်ဆိုင်ရာဌာနတွေအနေနဲ့လည်း ကမ်းပြိုမှုဆက်မဖြစ်အောင် လတ်တလောကာကွယ်မှုလေးပဲဖြစ်ဖြစ် ကနဦးဆောက်ရွက်ပေးစေချင်ပါတယ်။ ရေရှည်မထိခိုက်စေဖို့အတွက်လည်း စီမံဆောင်ရွက်ပေးစေချင်ပါတယ်"ဟု ဒေသခံရပ်မိရပ်မိတစ်ဦးက ပြောကြားသည်။

  လက်ရှိကမ်းပြိုမှု၌ ထိခိုက်မှုအခြေအနေများနှင့် နေအိမ်များဖျက်ရွှေ့ထားရသည့်အချက်အလက်များအား ဒေသခံများက စာရင်းပြုစုကာ မြို့နယ်သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK