Top News

ကျိုက်ထီးရိုးဒေသသို့ သီတင်းကျွတ်လပြည်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ၃၄၀,၀၀၀ နီးပါလာရောက်ခဲ့
24htopnews | November 26, 2024 7:12 PM CST

 

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ သီတင်းကျွတ်လပြည်နေ့ (အောက်တိုဘာလ (၁၇) ရက်နေ့) မှ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ (နိုဝင်ဘာလ (၂၅) ရက်နေ့) အထိ သို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူး (၃၄၀၀၀၀) နီးပါလာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ အောက်တိုဘာလ (၁၇) ရက်နေ့ (သီတင်းကျွတ်လပြည်နေ့) မှ နိုတင်ဘာလ (၂၁) ရက်နေ့အထိ ပြည်တွင်းဘုရားဖူး (၁၄၂၆၉၄) ဦး၊ ပြည်ပဘုရားဖူး (၅၄၃) ဦး၊ လာရောက်ခဲ့ကြပြီး၊ နိုဝင်ဘာ (၂၂) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ ပြည်တွင်းဘုရားဖူး (၁၉၅၉၅၆) ဦး နှင့် ပြည်ပဘုရားဖူး (၆၅၈) ဦး စုစုပေါင်း ပြည်တွင်းဘုရားဖူး (၃၃၈၆၅၀) ဦး နှင့် ပြည်ပဘုရားဖူး (၁၂၀၁) ဦး လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “နိုဝင်ဘာလ (၂၃) ရက်နေ့ကနေ (၂၅) ရက်နေ့အထိက အများပြည်သူအလုပ်ပိတ်ရက် (၃) ရက်ဆက်ပိတ်တော့ ဘုရားဖူး (၂) သိန်းနီးပါလာရောက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်လောက်ကနဲ့ အခုနှစ် လပိုင်းကို ပြန်ယှဉ်ကြည့်မယ်ဆိုရင် ဘုရားဖူးက (၂) ဆကျော် တိုးလာတာကိုတွေ့ရပါတယ်။ ကျိုက်ထီးရိုးဒေသက ဘုရားဖူးရတဲ့အပြင်ကို အပန်းဖြေခရီးလည်းဖြစ်တော့ ဘုရားဖူးတွေအများအပြားလာရောက်ကြတာဖြစ်ပါတယ်ဟု ပြောကြားသည်။

ပြည်ပဘုရားဖူးများတွင် အဓိကအားဖြင့်က ထိုင်းနိုင်ငံမှ ဘုရားဖူး အများဆုံးလာရောက်ခဲ့ကြကြောင်း၊ ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်လာရောက်ကြပြီးနောက် ရန်ကုန်မှတဆင့် ကျိုက်ထီးရိုးသို့ လာရောက်ကြသူများဖြစ်ကြကြောင်း နှင့် တခြား အရှေ့တောင်အာရှ နိုင်ငံများမှ ဘုရားဖူးများလည်းလာရောက်ကြကြောင်း ၎င်းကဆိုသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသအတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုရှိကြောင်း၊ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ရင်ပြင်တော်စခန်းအထိ ဘုရားဖူးများ စိတ်လက်ကြည်နူးစွာသွားလာနိုင်စေရန် စီစဉ်ထားရှိထားပါကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ အများပြည်သူအလုပ်ပိတ်ရက် (၃) ရက်ဆက်ပိတ်သဖြင့် ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်ပေါ်တွင် ဘုရားများနှင့် ပြည့်ကျပ်သည်အထိဖြစ်ခဲ့ကြောင်း မော်လမြိုင်မြို့မှ ဘုရားဖူးသွားသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကိုယ်တွေက တနင်္ဂနွေနေ့ (နိုဝင်ဘာ (၂၄) ရက်နေ့) မှာ‌မော်လမြိုင်ကနေသွားတာ။ ကင်မွန်းချောင်းရောက်တော့ ကားတွေဝင်မရလို့ ဝင်းအပြင်ဘက်မှာဘဲ ကားကိုထားခဲ့ရတယ်။ နောက်ပြီး ဘုရားဖူးတွေအရမ်းများလို့ တောင်တက်ကားစီးဖို့အတွက်ကိုလည်း အကြာကြီးစောင့်လိုက်ရတယ်။ တောင်ပေါ်ရောက်တော့လည်း တည်းခိုစရာမရဘူး။ ရင်ပြင်တော်ပေါ်မှာဘဲ ညအိပ်လိုက်ရတယ်။ ဘုရားဖူးတွေတော်တော်များတယ်။ တည်းခိုခန်းတွေ၊ တည်းခိုဆောင်တွေအပြင်ကို ရင်ပြင်တော်မှာလည်း အပြည့်ပဲဟု ပြောကြားသည်။

ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ရင်ပြင်တော်စခန်းသို့ ပြေးဆွဲပေးနေသည့် ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ ယာဉ်စီးခများအား တိုးမြှင့်သတ်မှတ်ထားပြီး ကားခေါင်းခန်း (၉၀၀၀) ကျပ်၊ ကားနောက်ခန်း (၇၀၀၀) ကျပ်၊ ကားစင်းလုံးငှားအနေဖြင့် (၂၈၀၀၀၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ထို့အတူ ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်းဘုရားဖူး (၇) သိန်းကျော် နှင့် ပြည်ပဘုရားဖူး (၄၀၀) ကျော်လာရောက်ခဲ့ကြောင်းနှင့် ပြည်ပဘုရားဖူးများတွင် ထိုင်းနိုင်ငံမှ ဘုရားဖူး အများဆုံးလာရောက်ကြကြောင်းလည်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ ပုံမှန်ကာလများက နှစ်စဉ် ဘုရားဖူး (၃) သန်းခန့်လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဘိုဘိုမြင့်

Photo Credit - ကျိုက်ထီးရိုး ဂေါပကအဖွဲ့ရုံး


READ NEXT
Cancel OK