Top News

ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၂၀၀၀ ကျော်လာစဉ် အကျပ်အတည်းကို ကိုင်တွယ်ရန် ကမ္ဘာ့ခေါင်းဆောင်များဆွေးနွေး
24htopnews | November 26, 2024 8:12 PM CST

လူပေါင်း သုံးဘီလျံကို အတင်းအကျပ် Lockdown ချထားခံရမှုအောက်သို့ ရောက်ရှိသွားစေခဲ့ပြီး သေဆုံးသူ ၂၂၀၀၀ ကျော်လာစေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ အွန်လိုင်း၌ အကျပ်အတည်းဆိုင်ရာ ဆွေးနွေးပွဲကို ကမ္ဘာ့ခေါင်းဆောင်များက မတ် ၂၆ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

COVID- 19 ရောဂါသည် ကြောက်ခမန်းလိလိ ခြေလှမ်းဖြင့် ကမ္ဘာတစ်လွှားကို ဖျက်ဆီးနေမှုနှင့်အတူ ယင်းနှင့်ပတ်သက်သည့် စီးပွားရေးအကျိုးဆက်များအပေါ် သတိပေးမှုများ ဆင့်ကာဆင့်ကာ ထွက်ပေါ်လာပြီး ပညာရှင်များက ယင်းသည် Great Depression ဟုခေါ်သော ၁၉၃၀ ခုနှစ်တစ်ဝိုက်က စီးပွားရေးပျက်ကပ်ကြီးထက် ပိုမိုဆိုးရွားနိုင်ဖွယ်ရှိသည်ဟု ပြောဆိုနေကြသည်။

တရုတ်နှင့် အမေရိကန်ခေါင်းဆောင်များအကြား မည်သူ့ကို အပြစ်တင်ရမည်နည်းဟု အပြန်အလှန် ယိုးစွပ်နေကြချိန်၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်က ယင်းခြိမ်းခြောက်မှုကြီး ရပ်တန့်သွားအောင် အတူတကွ ဆောင်ရွက်ကြရန် တောင်းဆိုလိုက်သည်။

“COVID- 19 ဟာ လူ့လောကတစ်ရပ်လုံးကို ခြိမ်းခြောက်နေပြီး လူ့လောကတစ်ရပ်လုံးအနေနဲ့ ပြန်လှန်တိုက်ခိုက်ရမယ်” ဟု ကမ္ဘာ့ဆင်းရဲသားများအား ကူညီရန် အမေရိကန်ဒေါ်လာ နှစ်ဘီလျံ မေတ္တာရပ်ခံသည့် အဖွင့်မိန့်ခွန်းတွင် ဂူတာရက်က ပြောကြားခဲ့သည်။

“တစ်ကမ္ဘာလုံးအလိုက် လုပ်ဆောင်ချက်နဲ့ သွေးစည်းညီညွတ်မှုက အဓိကကျပါတယ်။ တစ်နိုင်ငံချင်းစီ တုံ့ပြန်မှုက လုံလောက်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုအပတ်အတွင်းမှာပင် အိန္ဒိယနိုင်ငံ၏ ကြီးမားလှသော လူဦးရေကြီးတစ်ရပ်ခံလိုက်ရသည့် ကမ္ဘာလုံးဆိုင်ရာ Lockdown ချထားမှုက မတ် ၂၆ ရက်တွင် နောက်ထပ်ကျပ်တည်းမှုကို ဖြစ်စေခဲ့ပြီး ရုရှားက နိုင်ငံတကာ လေကြောင်းခရီးစဉ်အားလုံးကို ဆင်းသက်ခွင့်မပေးတော့ဟု ကြေညာခဲ့သည်။

ဗိုင်းရပ်စ်ကို ကန့်သတ်ရန်အတွက် က မ္ဘာတစ်လွှား၌ ချထားသည့် ကန့်သတ်မှုများသည် မကြာသေးမီကာလသမိုင်းတွင် အပြင်းထန်ဆုံး စီးပွားရေးပျက်ကပ်ကြီး ဖြစ်လာစေနိုင်သည်ဟု စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။

“ဂျီ ၂၀ စီးပွားရေးနိုင်ငံတွေဟာ ဒီနှစ်ဝက်အတွင်းမှာ ကြိုတင်မခန့်မှန်းနိုင်တဲ့ တုန်ခါမှု Shock ကြီးတစ်ရပ်ကို ကြုံတွေ့ရမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ခုလုံးခံစားရမှာ ဖြစ်ပါတယ်” ဟု Ratings Agency ဖြစ်သည့် Mood’s က ပြောကြားခဲ့သည်။

အလုပ်လက်မဲ့ဖြစ်မှုနှုန်းသည် အမေရိကန်ပြည်ထောင်စုတွင် ရာခိုင်နှုန်း ၃၀ အထိ မြင့်တက်လာဖွယ်ရှိသည်ဟု စိန့်လူဝီဗဟိုဘဏ်ဥက္ကဌ ဂျိမ်းဘူးလက်က ပြောကြားခဲ့သည်။

ဥရောပသည်လည်း အလားတူခံစားရလိမ့်မည်ဟု ဆိုသည်။

“ယူရိုဇုန်မှာ အလုပ်လက်မဲ့နှုန်းဟာ ဇွန်လအကုန်မှာ ၁၂ ရာခိုင်နှုန်းလောက် မြင့်တက်လာပါလိမ့်မယ်။ လပိုင်းအတွင်း ခုနစ်နှစ်စာ အကျိုးအမြတ်ကို စွန့်လွှတ်လိုက်ရပါလိမ့်မယ်” ဟု လန်ဒန်မြို့အခြေစိုက် Capital Economics အဖွဲ့မှ ဒေးဗစ်အောက်စလေက ပြောကြားခဲ့သည်။

ဂျီ-၂၀ အဓိကစီးပွားရေးနိုင်ငံများ၏ ခေါင်းဆောင်များသည် ယင်းကဲ့သို့ ကြောက်မက်ဖွယ် ခန့်မှန်းမှုများအောက်တွင် မတ် ၂၆ ရက် အနှောင်းပိုင်း၌ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

“ကမ္ဘာကြီးအနေနဲ့ COVID- 19 ကူးစက်ပျံ့နှံ့မှုနဲ့ ကျန်းမာရေးစနစ်နဲ့ ကမ္ဘာ့စီးပွားရေးအပေါ် စိန်ခေါ်မှုတွေကို ထိပ်တိုက်ရင် ဆိုင်နေရချိန်မှာ ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုတစ်ရပ်ဆီ ရှေးရှုမယ့်အားထုတ်မှုတွေ စုစည်းဖို့ ကျွန်တော်တို့ ဒီထူးခြားလှတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပပါမယ်” ဟု ဆော်ဒီအာရေဗျဘုရင်က Twitter တွင် ရေးသားထားသည်။  ဆော်ဒီသည် လက်ရှိတွင် ဂျီ-၂၀ ၏ အလှည့်ကျ သဘာပတိတာဝန်ကို ယူထားသည်။                               

 

 


READ NEXT
Cancel OK