Top News

ရုရှားတွင် ရောဂါခြေချုပ်စည်းမျဉ်း ချိုးဖောက်သူများအား ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ရန် အမတ်များက အဆိုပြု
24htopnews | November 26, 2024 8:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါခြေချုပ်ဖြင့် နေရမည့်စည်းမျဉ်းများအား ချိုးဖောက်သူများကို ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်မှုအပါအဝင် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန် ရုရှားဥပဒေပြုအမတ်များက အဆိုပြုခဲ့ကြသည်။ ထို့ပြင် စည်းမျဉ်းချိုးဖောက်သူအား ငွေဒဏ် ရူဘယ် ၅၀၀၀၀၀ (ဒေါ်လာ ၆၄၀၀) နှင့် ရူဘယ်နှစ်သန်း (ဒေါ်လာ ၂၅၇၀၀) အကြား ချမှတ်မည့် ထိုဥပဒေကြမ်းကို အမတ်များက မတ် ၂၅ တွင် ဆွေးနွေးခဲ့ကြသည်။

ရောဂါခြေချုပ်စည်းမျဉ်းကို ချိုးဖောက်သူကြောင့် လူတစ်ဦးသေဆုံးရခြင်း သို့မဟုတ် ရည်ရွယ်ချက်ဖြင့် အခြားလူများအား ကူးစက်စေခြင်းတို့တွင် ပြစ်မှုထင်ရှားပါက ၎င်းအား ထောင်ဒဏ် ငါးနှစ်အထိနှင့် လူနှစ်ဦး သို့မဟုတ် ယင်းထက်ပို၍ သေဆုံးမှုဖြစ်ပွားခဲ့ပါက ထောင်ဒဏ်ခုနစ်နှစ်အထိ ကျခံရမည်ဟု အဆိုပြုမှုတွင် တိုက်တွန်းခဲ့သည်။

ရုရှား၏ Criminal Code အား ထိုပြင်ဆင်ဖြည့်စွက်မှုများကို အောက်လွှတ်တော် ဥက္ကဋ္ဌ ယာချီဆလက်ဗိုလိုဒင်နှင့် အာဏာရ United Russia ပါတီမှ ထိပ်တန်းဥပဒေပြု အမတ်တစ်ဦးက အဆိုပြုခဲ့ကြခြင်းဖြစ်သည်။ အောက်လွှတ်တော်က ထိုအဆိုပြု ဥပဒေကြမ်းအား မတ် ၃၁ တွင် သုံးသပ်မည်ဖြစ်သည်။

လူဦးရေ ၁၄၄ သန်းရှိသော ရုရှားတွင် မတ် ၂၅ အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုဦးရေ ၆၅၈ ဦးရှိပြီး သေဆုံးသူ သုံးဦးရှိထားသည်။

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ် အားလုံး ရပ်ဆိုင်းမည်

ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ရုရှားသည် မတ် ၂၇ ညသန်းခေါင်မှစတင်၍ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းသွားရန် ညွှန်ကြားသော အစိုးရအမိန့်တစ်ရပ်ကို မတ် ၂၆ တွင် ထုတ်ပြန်ခဲ့သည်။ လေကြောင်းအာဏာပိုင်များအနေဖြင့် ပြည်ပမှ ရုရှားနိုင်ငံသားများအား ပြန်လည်ခေါ်ယူလာသော အထူးခရီးစဉ်များမှလွဲ၍ ပုံမှန်နှင့် စင်းလုံးငှား ခရီးစဉ်အားလုံးကို ရပ်ဆိုင်းရန် ညွှန်ကြားကြောင်း ထိုအမိန့်တွင် ဖော်ပြခဲ့သည်။

ရုရှားပြည်သူ့လေကြောင်းအေဂျင်စီ Rosaviasiya က ရုရှားလေဆိပ်များမှ ပြည်ပနိုင်ငံများ၏ လေဆိပ်များသို့ ပုံမှန်နှင့်စင်းလုံးငှား ခရီးစဉ်များဖြင့် အသွားအပြန် ပျံသန်းနေမှုအားလုံးကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အစိုးရဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သော ထိုအမိန့်၌ ဖော်ပြခဲ့သည်။ ထိုညွှန်ကြားမှုတွင် နိုင်ငံတွင်း ပြည်တွင်းလေကြောင်းခရီးစဉ်များ အကျုံးမဝင်ဟု ဖော်ပြထားသည်။

ပြည်ပမှ ရုရှားနိုင်ငံသားများအား ပြန်ခေါ်ရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနက ရန်ပုံငွေ ခွဲဝေသတ်မှတ်ထားရန်၊ နိုင်ငံသို့ ပြန်လာသူများသည်လည်း ကျန်းမာရေးစစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး ရောဂါခြေချုပ်ဖြင့် နှစ်ပတ်ကြာနေရန် ထိုအမိန့်က ညွှန်ကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မတ် ၂၅ တွင် နိုင်ငံသို့ရှားရှားပါးပါးမိန့်ခွန်း ပြောကြားခဲ့ပြီး ၎င်းအား ၂၀၂၄ ခုနှစ်အလွန်၌ သက်တမ်းနှစ်ကြိမ် ထပ်မံယှဉ်ပြိုင်ရန် ခွင့်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လူထုဆန္ဒခံယူပွဲအား ဧပြီ ၂၂ တွင် ပြုလုပ်ရန်စီစဉ်ထားမှုကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့သည်။

ထို့ပြင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အရှိန်လျော့စေရန်အတွက် မတ် ၂၈ မှ ဧပြီ ၅ အထိ အလုပ်နားရမည့် ရက်သတ္တပတ်အဖြစ် ပူတင်က မကြုံစဖူး ကြေညာခဲ့ပြီး နိုင်ငံသားများအနေဖြင့် အပြင်မထွက်ဘဲ နေအိမ်ထဲတွင်သာ နေကြရန် တိုက်တွန်းခဲ့သည်။

ရုရှားသည် နိုင်ငံခြားသားများ ဝင်ရောက်သော နယ်စပ်များအား ပြီးခဲ့သောသီတင်းပတ်တွင် ပိတ်ပင်ခဲ့ပြီး အသက် ၆၅ နှစ်ကျော် သူများသည် နေအိမ်များထဲ၌သာ နေရမည်ဟု တင်းကျပ်သောစည်းမျဉ်းများကို ချမှတ်ခဲ့သည်။                                   

 


READ NEXT
Cancel OK