Top News

မလေးရှားတွင် သွားလာလှုပ်ရှားမှု ကန့်သတ်ခြင်းအား ဧပြီ ၁၄ ရက်အထိ သက်တမ်းတိုးမြှင့်
24htopnews | November 26, 2024 8:12 PM CST

COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရန်အတွက် မလေးရှားတွင် အသွားအလာပိတ်ပင်ကန့်သတ်မှုကို ဧပြီ ၁၄ ရက်အထိ သက်တမ်းတိုးမြှင့်သွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် မူဟီဒင်ယက်ဆင်က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ကျန်းမာရေးဝန်ကြီးဌာနနဲ့ အမျိုးသား လုံခြုံရေးကောင်စီက ကျွန်တော့်ကို ညွှန်ကြားထားတာရှိပါတယ်။ ကူးစက်ပျံ့နှံ့မှုမရပ်မချင်း ကူးစက်မှုသစ်တွေက ဖြစ်နေဆဲ၊ ဖြစ်နေဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။ နေအိမ်မှာပဲ အချိန်အကြာကြီးနေဖို့ဆိုတာ မလွယ်ကူမှန်း ကျွန်တော်သိပါတယ်။ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်ဆိုတာလည်း သေချာတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ကျွန်တော်တို့တွေ ဒီလိုအဖြစ်မျိုး နဖူးတွေ့ဒူးတွေ့ ရင်မဆိုင်ခဲ့ဖူးကြဘူး။ ဒါကို ဖြစ်နိုင်သမျှမြန် မြန်ထိန်းချုပ်ကာကွယ်ဖို့ ကျွန်တော်တို့ ဆန္ဒရှိကြတယ်” ဟု ရုပ်သံမှထုတ်လွှင့်သော မိန့်ခွန်းအတွင်း မူဟီဒင်က ပြောကြားခဲ့သည်။

ကူးစက်မှုကွင်းဆက်ဖြစ်ပွားခြင်းကို တိုက်ဖျက်ရန်အတွက် မလေးရှားပြည်သူများအနေဖြင့် နေအိမ်တွင်း၌သာ နေထိုင်ရန် ၎င်းက တိုက်တွန်းခဲ့ပြီး အသွားအလာ ပိတ်ပင်ကန့်သတ်မှုသည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် များစွာအထောက်အကူပြုနေသော်လည်း နိုင်ငံတွင်း၌ ကူးစက်မှုသစ် မကင်းစင်သေးပါက မိမိတို့အနေဖြင့် ပြုံးပန်းမဆင်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

ကူးစက်မှုလျော့နည်းသွားသော်လည်း ကူးစက်ခံရသူအရေအတွက်မှာ မကြာမီတွင် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားခြင်းကြောင့် ကူးစက်မှုပျံ့နှံ့ခြင်းကို နှိမ်နင်းရန် ကျွန်ုပ်တို့ ဆက်လက်ကြိုးပမ်းရလိမ့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သွားလာမှုပိတ်ပင်ကန့်သတ်ခြင်းကို သက်တမ်းထပ်တိုးရန် ကြေညာရလိမ့်မည်ဖြစ်ကာ ယင်းသည် မိမိတို့အားလုံးအတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း မူဟီဒင်က ထပ်လောင်းပြောကြားခဲ့သည်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် မလေးရှားအစိုးရအဖွဲ့သည် သွားလာမှုပိတ်ပင်ကန့်သတ်ခြင်းကို ယခင်က မတ် ၁၈ ရက်မှ မတ် ၃၁ ရက်အထိ  သတ်မှတ်ထားခြင်းဖြစ်သည်။

အသွားအလာ ပိတ်ပင်ကန့်သတ်မိန့်အရ မလေးရှားနိုင်ငံသားများသည် ပြည်ပသို့ ခရီးသွားခြင်းမှ တားမြစ်ခံထားရပြီး နိုင်ငံခြားသားများအား မလေးရှားနိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းမှ ပိတ်ပင်ထားသည်။ ထို့အပြင် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများမှအပ အစိုးရနှင့် ပုဂ္ဂလိက အဆောက်အအုံများအားလုံးကို ပိတ်ထားရန် အချက်လည်း ပါဝင်သည်။

အမိန့်ညွှန်ကြားချက်ကို မလိုက်နာပါက ထောင်ဒဏ် ခြောက်လ ဖြစ်စေ၊ ငွေဒဏ် ရင်းဂစ် ၁၀၀၀ (ဒေါ်လာ ၂၂၅.၇၀) ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ကြေညာထားသည်။ မတ် ၂၅ ရက်အထိ မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး လူ ၁၇၉၆ ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။

 


READ NEXT
Cancel OK