Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာသော အမေရိကန်စီးပွားရေးကို ကယ်ဆယ်ရန် ဒေါ်လာ ၂ ထရီလျံ သုံးစွဲရေး အထက်လွှတ်တော်နှင့် အစိုးရ သဘောတူညီချက်ရရှိ
24htopnews | November 26, 2024 8:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အထိနာခဲ့သော အမေရိကန်စီးပွားရေးနှင့် အမေရိကန် သန်းပေါင်းများစွာအတွက် ဒေါ်လာ ၂ ထရီလျံ စီးပွားရေး လှုံ့ဆော်မှုအစီအစဉ်ကို အိမ်ဖြူတော်နှင့် အထက်လွှတ်တော်အကြား သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း ဥပဒေပြုအမတ်များက မတ် ၂၅ အစောပိုင်းတွင် ပြောကြားခဲ့သည်။

ငါးရက်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် နိုင်ငံအတွက် စစ်ပွဲကာလ ရင်းနှီးမြှုပ်နှံမှုပမာဏအတွက် သဘောတူခဲ့ပြီဖြစ်ကြောင်း အထက်လွှတ်တော် လူများစု ခေါင်းဆောင် မစ်မက်ကော်နယ်က ပြောကြားခဲ့သည်။

အမေရိကန်သမိုင်းတွင် အကြီးမားဆုံးသော စီးပွားရေးကယ်ဆယ်မှု အစီအစဉ်အတွက် နှစ်ပါတီလုံးထောက်ခံသည့် သဘောတူညီမှုကို ရခဲ့ပြီဖြစ်ကြောင်း အထက်လွှတ်တော် ဒီမိုကရက်အမတ် ချက်ရှူးမားက ပြောကြားခဲ့သည်။ အရေးပေါ်အသုံးစရိတ် ဥပဒေကြမ်းအား သမ္မတထံမပေးပို့မီ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်၌ သဘောတူညီချက် ရယူရဦးမည် ဖြစ်သည်။

ယင်းကယ်ဆယ်ရေး အစီအစဉ်တွင် ဗိုင်းရပ်စ် အကျပ်အတည်းကြောင့် အထိနာသော အမေရိကန်များအား ငွေကြေး တိုက်ရိုက်အကူအညီပေးမှု၊ အသေးစား စီးပွားရေးလုပ်ငန်းများအား အထောက်အပံ့ပေးမှု၊ လေကြောင်းလိုင်းများအပါအဝင် ကော်ပိုရေးရှင်းများအား ချေးငွေဘီလျံ အမြောက်အမြားထုတ်ပေးမှု၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ချဲ့ထွင်မှုတို့ ပါဝင်မည် ဖြစ်သည်။

ဆေးရုံများနှင့် ကျန်းမာရေး စောင့်ရှောက်မှုအခြေခံ အဆောက်အအုံအတွက် ဒေါ်လာ ၁၃၀ ဘီလျံ သုံးစွဲမည့် “ဆေးရုံများအတွက် မာရှယ်စီမံကိန်း” လည်း စီးပွားရေး တွန်းအားပေးအစီအစဉ်တွင် ပါဝင်မည်ဟု ရှူးမားက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့်အတူ အကာအကွယ်ဝတ်စုံများ၊ အရေးပေါ်သုံး ခုတင်များ၊ အသက်ကူ ရှူစက်များ အရေးတကြီး လိုအပ်နေသည်၊ အမေရိကန်၏စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်အတွက် မျှော်လင့်ချက် မြင့်တက်ခဲ့သဖြင့် မတ် ၂၄ ကပင် အမေရိကန်စတော့များ မြင့်တက်ခဲ့သည်။

ရီပတ်ဘလီကင်တိုု့က ဦးဆောင်သော အကြံပြုချက်အတွက် သဘောတူညီမှုရရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ အမေရိကန် သန်းပေါင်းများစွာကို အကူအညီပေးရေး ညှိုနှိုင်းဆွေးနွေးရန် ဖိအားမြင့်တက်ခဲ့ပြီးနောက် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန်တွင် ကပ်ရောဂါဆိုးကို ရင်ဆိုင်နေရသော ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် အလုပ်သမား အမြောက်အမြားထက် ကော်ပိုရေးရှင်းများကို ရှေ့တန်းတင်ထားကြောင်း ဒီမိုကရက်တို့ ကန့်ကွက်ခဲ့ပြီး မူလက အကြံပြုချက်ကို ပယ်ချခဲ့သည်။

လစာနှင့် ခွင့်ပေးရေး၊ မိသားစုဆေးခွင့်ပေးရေး၊ ကျောင်းလခ ချေးငွေ လျှော်ပေးရေး၊ စီးပွားရေးလုပ်ငန်းကြီးများအတွက် အာမခံချေးငွေ ဒေါ်လာ ၅၀၀ ဘီလျံသုံးစွဲရေး ပါဝင်သော ဒေါ်လာ ၂.၅ ထရီလျံ သုံးစွဲရေး တန်ပြန်အကြံပြုချက်ကို ဒီမိုကရက်တို့၏ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီက တင်ပြခဲ့သည်။ သို့သော်လည်း အထက်လွှတ်တော်က တင်သွင်းလာသော ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးရန် ကြိုးပမ်းသွားမည်ဟု သူက အရိပ်အမြွက် ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK