Top News

ဗိုင်းရပ်စ်ပျံ့နှံ့မှု တိုက်ဖျက်ရန်အတွက် ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံ ပိတ်ဆို့ကန့်သတ်ခံထားရ
24htopnews | November 26, 2024 8:12 PM CST

COVID-19 ပျံ့နှံ့မှုအား တားဆီးရန်အတွက် လူဦးရေ ၁.၃ ဘီလျံရှိသော အိန္ဒိယတွင် အစိုးရက မတ် ၂၅ မှစတင်၍ သုံးပတ်ကြာ တစ်နိုင်ငံလုံး ပိတ်ဆို့ထိန်းချုပ်မှုအား ကြေညာခဲ့မှုနှင့်အတူ ယခုအခါ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံသည် အပြင်ထွက်ခွင့်မရဘဲ နေအိမ်ထဲတွင်သာ နေထိုင်နေရပြီဖြစ်သည်။

ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးနိုင်ငံ အိန္ဒိယတွင် အလုံးစုံ ပိတ်ဆို့ထိန်းချုပ်ကြောင်း ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ကြေညာခဲ့ခြင်းကြောင့် ကမ္ဘာပေါ်တွင် လူဦးရေစုစုပေါင်း ၂.၆ ဘီလျံကျော်သည် ပုံစံအမျိုးမျိုးရှိသော သွားလာလှုပ်ရှားမှု ကန့်သတ်မှုအောက်တွင် နေထိုင်နေရပြီဖြစ်သည်။

သို့သော် ပြီးခဲ့သောနှစ်တွင် COVID-19 စတင်ဖြစ်ပွားခဲ့သော တရုတ်အလယ်ပိုင်းရှိ လူဦးရေသန်း ၅၀ ခန့် နေထိုင်သည့် ဟူပေပြည်နယ်၌ လနှင့်ချီ ပိတ်ဆို့ထားခဲ့ပြီး ပြည်တွင်း၌ ကူးစက်မှုသစ်များ ကင်းစင်ကြောင်း ကြေညာခဲ့ပြီးနောက် သွားလာလှုပ်ရှားမှုများအား ကန့်သတ်ထားမှုကို မတ် ၂၅ တွင် စတင်ဖြေလျှော့ပေးခဲ့သည်။

ထိုကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဗဟိုချက်ဖြစ်ခဲ့သော ဟူပေပြည်နယ်၏မြို့တော် ဝူဟန်တွင်မူ ဒေသခံများအား ဧပြီ ၈ မှသာ သွားလာလှုပ်ရှားခွင့်ပြုမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် COVID-19 ကြောင့် သေဆုံးသူနှင့် ကူးစက်မှုအရေအတွက် ထပ်မံမြင့်တက်နေခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၈၂၀၀ ကျော်နှင့် ကူးစက်သူအရေအတွက် ၄၀၅၀၀၀ ကျော်ရှိနေကာ ထက်ဝက်သည် ဥရောပမှဖြစ်ကြောင်း အေအက်ဖ်ပီ၏ စာရင်းပြုစုမှုက ဖော်ပြခဲ့သည်။ ဆေးဘက်ကုသမှုဆိုင်ရာ အခြေအနေသည် ဥရောပတွင် အလွန်အမင်း အရေးကြီးသည့် အနေအထားဖြစ်နေဆဲဖြစ်ပြီး အထိနာဆုံးဖြစ်သော အီတလီတွင် သတင်းအကောင်းအဆိုး ရောထွေးနေသည်။

အမေရိကန်တွင် လူဦးရေသန်း ၁၃၀ နီးပါး သို့မဟုတ် လူဦးရေစုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ သည် အကြီးဆုံးပြည်နယ် ကယ်လီဖိုးနီးယား အပါအဝင် ပြည်နယ်များတွင် ပိတ်ဆို့ထိန်းချုပ်ခံနေရ သို့မဟုတ် မကြာမီ ပိတ်ဆို့ထိန်းချုပ်ခံရတော့မည် ဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှု နှေးကွေးစေရန်၊ သက်ကြီးပိုင်းနှင့် ခုခံနိုင်စွမ်းအားနည်းသူများအား ကယ်တင်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လူများအား သီးခြားခွဲထားခြင်းဖြစ်ကြောင်း ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ၏ သတိပေးမှုအတိုင်း အစိုးရအများအပြားက ကျင့်သုံးခဲ့ကြသည်။

အိုင်ယာလန်တွင် မရှိမဖြစ် မဟုတ်သော စီးပွားရေးလုပ်ငန်းများအား ပိတ်ထားရန် ညွှန်ကြားခဲ့ပြီး ဗြိတိန်က လန်ဒန်တွင် ခုတင် ၄၀၀၀ ဆံ့ အရေးပေါ်ဆေးရုံတစ်ရုံကို တည်ဆောက်ရန် စီစဉ်နေသည်။ စပိန်ကလည်း နေတိုးစစ်ဘက် မဟာမိတ်အဖွဲ့ထံမှ လက်တွေ့ကျသော ထောက်ပံ့မှုများပေးရန် တောင်းဆိုခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အမြဲလိုလို ယိုယွင်းနေသော အာဖရိကရှိနိုင်ငံများတွင် COVID-19 ကူးစက်မှုများနှင့် သေဆုံးမှုများ မြင့်တက်လာနေစဉ် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ၎င်းတို့၏တုံ့ပြန်မှုများအား အရှိန်မြှင့်တင်နေကြသည်။

COVID-19 ကပ်ဘေးကြောင့် ကမ္ဘာတစ်ဝန်းရှိ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်အများအပြားအား ဖျက်သိမ်းခဲ့ရသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ၂၀၂၀ တိုကျိုအားကစားပြိုင်ပွဲအား ရွှေ့ဆိုင်းပြီး ၂၀၂၁ ခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း မတ် ၂၄ ၌ ထုတ်ပြန်ခဲ့ကာ ထိုအားကစားပြိုင်ပွဲသည် ဗိုင်းရပ်စ်သစ်အား လူသားများ နှိမ်နင်းနိုင်မှု၏ သက်သေတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK