Top News

ဖိလစ်ပိုင်တွင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေစဉ် ကွန်မြူနစ်သူပုန်များက အပစ်အခတ်ရပ်စဲရေး ကြေညာ
24htopnews | November 26, 2024 8:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေစဉ် ကမ္ဘာတစ်ဝန်း လက်နက်ကိုင်တိုက်ခိုက်နေမှုများ ရပ်ဆိုင်းကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ဇ်၏ တိုက်တွန်းမှုအား လိုက်နာလျက် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကွန်မြူနစ်ပြောက်ကျားသူပုန်များက မတ် ၂၅ တွင် ထုတ်ပြန်ခဲ့သည်။

New People’s Army ပြောက်ကျားသူပုန်များအား မတ် ၂၆ မှစတင်၍ ဧပြီ ၁၅ အထိ ထိုးစစ်ဆင် တိုက်ခိုက်မှုများအား ရပ်ဆိုင်းပြီး ခံစစ်အနေအထားသို့ ပြောင်းလဲရန် ညွှန်ကြားကြောင်း ဖိလစ်ပိုင်ကွန်မြူနစ်ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

COVID-19 ကပ်ရောဂါ တိုက်ဖျက်ရန် ဘုံရည်မှန်းချက်အတွက် ကမ္ဘာတစ်ဝန်း တိုက်ခိုက်နေကြသည့်ဘက်များအကြား အပစ်အခတ်ရပ်စဲကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ဇ်၏ တိုက်တွန်းမှုကြောင့် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ခြင်းဖြစ်ကြောင်း ကွန်မြူနစ်သူပုန်များက ထုတ်ပြန်ခဲ့သည်။

အာရှတွင် ကာလအရှည်ဆုံး သူပုန်ထမှုတစ်ခု၌ ကွန်မြူနစ်သူပုန်များက အဓိကအားဖြင့် ဖိလစ်ပိုင်၏ ကျေးလက်ဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုများသည် ရာစုနှစ်တစ်ခု၏ထက်ဝက်ကျော် ကြာမြင့်လာပြီဖြစ်သည်။

တိုက်ပွဲများတွင် အရေးနိမ့်ခြင်း၊ အဖွဲ့တွင်း အချင်းချင်း တိုက်ခိုက်ခြင်းနှင့် လက်နက်ချ အညံ့ခံခြင်းများကြောင့် ထိုသူပုန်အဖွဲ့၏အင်အားသည် ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းမှု ကြုံခဲ့ရပြီးနောက် ကွန်မြူနစ်ပြောက်ကျားသူပုန် အရေအတွက်သည် အဖွဲ့ဝင် ၃၅၀၀ ခန့်သာ ကျန်တော့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ခန့်မှန်းထုတ်ပြန်ခဲ့သည်။ သို့သော် သူပုန်များကမူ ၎င်းတို့တွင် တပ်ဖွဲ့အင်အား အများအပြားရှိကြောင်း အခိုင်အမာ ထုတ်ပြန်ခဲ့ကြသည်။

သူပုန်များက ၎င်းတို့၏ အပစ်အခတ်ရပ်စဲမှုသည် စစ်ဘက်နှင့် ရဲတပ်ဖွဲ့၏ အလားတူ လုပ်ဆောင်မှုများနှင့် ဆက်နွှယ်မှု မရှိကြောင်း ထုတ်ပြန်ခဲ့သော်လည်း ယခုလုပ်ရပ်သည် ကာလရှည်ကြာတန့်နေသော ညှိနှိုင်းဆွေးနွေးမှုများအား ပြန်လည်စတင်နိုင်ရေး အကြိုဆွေးနွေးပွဲများကို ဖြစ်ပေါ်နိုင်ခြေရှိကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား တိုက်ဖျက်ရေးကို အာရုံစိုက်ရန် ကွန်မြူနစ်ပြောက်ကျားသူပုန်များနှင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှုအား ပြီးခဲ့သောသီတင်းပတ်တွင် ကြေညာခဲ့ပြီး ဖိလစ်ပိုင်မြောက်ပိုင်းတွင် တင်းကျပ်သော ထိန်းချုပ်မှုများ ချမှတ်ခဲ့သည်။ ကွန်မြူနစ်သူပုန်များသည် လူဦးရေ သန်း ၅၀ ကျော် နေထိုင်သော မြောက်ပိုင်းဒေသတွင် လှုပ်ရှားနေကြသည်။

ဒူတာတေးသည် ၂၀၁၆ ခုနှစ် နှစ်လယ်တွင် သမ္မတရာထူးစတင်ထမ်းဆောင်စဉ် သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည်။ သို့သော် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲမှုများကြောင့် နယ်သာလန် ကြားဝင်ညှိနှိုင်းခဲ့သော ဆွေးနွေးမှုများ ပျက်ပြားခဲ့သည်။

ကမ္ဘာ့ကပ်ရောဂါအား တိုက်ဖျက်ရန်အတွက် အစိုးရနှင့်သူပုန်များအကြား ရှားရှားပါးပါး ဘုံသဘောတူညီမှုကို ရရှိစေကြောင်း ဂျကာတာအခြေစိုက် Institute for Policy Analysis of Conflict မှ သုံးသပ်သူ ဆစ်ဒ်နေးဂျုံးစ်က ပြောကြားခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာ ဆူနာမီကပ်ဘေးဖြစ်ပွားစဉ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် အစိုးရနှင့် သူပုန်များအကြား ၂၀၀၅ ခုနှစ်၌ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိစေရန် အထောက်အကူဖြစ်စေခဲ့မှုကို ဂျုံးစ်က ထောက်ပြခဲ့သည်။

 


READ NEXT
Cancel OK