မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း သွားလမ်းပေါ် ကျူးကျော်သည်ဟု ဆိုကာ လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦး အမှုနှင့်ပတ်သက်၍ မန္တလေးခရိုင် တရားရုံးသို့ ရာဇဝတ် အထွေထွေမှု ဆက်လက် လျှောက်ထားမှုအပေါ် စက်တင်ဘာ ၂၆ ရက် နံနက်က ခရိုင်တရားရုံး၌ ရုံးချိန်း ချိန်းဆိုရာတွင် အာမခံပြင်ဆင်ချက် လျှောက်ထားမှုကို ခရိုင်တရားရုံးက ငြင်းပယ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦးအမှုကို မန္တလေးခရိုင် တရားရုံးသို့ ရာဇဝတ် အထွေထွေမှု (မြို့နယ်တရားရုံးက အာမခံ ငြင်းပယ်ထားသဖြင့် ခရိုင်တရားရုံးသို့ အာမခံရရှိရန် လျှောက်ထားမှု) ဆက်လက် လျှောက်ထားမှုအပေါ် ခရိုင်တရားရုံးက ငြင်းပယ်ကြောင်း အမိန့်ချမှတ်ပြီးနောက် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ခံထားရသည့် ဒေသခံများနှင့် အဆိုပါ စီမံကိန်းသွားရာ လမ်းပေါ်သို့ ကျူးကျော်သည်ဟုဆိုကာ လမ်းတံတားဥပဒေ ပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံများအမှုကို ပုသိမ်ကြီးမြို့နယ်တရားရုံး၌ အသီးသီး ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ မန္တလေးခရိုင် တရားရုံးသို့ အာမခံပြင်ဆင်ချက် လျှောက်ထားမှုအပေါ် ငြင်းပယ်ကြောင်း အမိန့်ချမှတ်ခဲ့သည့်အမှု ရုံးချိန်းနှင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် စစ်ဆေးမည့် ဒေသခံများ၏အမှုများကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက တစ်ရက်တည်း တစ်ပြိုင်နက် ရုံးချိန်း ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။
“လမ်းတံတား ဥပဒေ ၂၂၊ ၂၃ နဲ့ စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြို့နယ်တရားရုံးက အာမခံ ငြင်းပယ်ထားတဲ့ အမိန့်အပေါ်မှာ ခရိုင်တရားရုံးကို ရာဇဝတ် အထွေထွေမှု လျှောက်ထားမှု ပြုလုပ်ထားခဲ့ပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး ဒီကနေ့မှာ ခရိုင်တရားရုံးက အာမခံပြင်ဆင်ချက် လျှောက်ထားမှုကို ငြင်းပယ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။ ငြင်းပယ်တဲ့ အကြောင်းရင်းက ကျန်နေတဲ့ သက်သေတွေကို စစ်ဆေးရဦးမယ်ဆိုပြီး ခရိုင်တရားရုံးက သုံးသပ်ထားတယ်။ ကျွန်တော်တို့ ခရိုင်တရားရုံးကို အာမခံတက်ရတဲ့ကိစ္စက မူလမြို့နယ်ရုံးကနေ အာမခံကို ပယ်ထားတဲ့အတွက် ကျင့် ၄၉၇ (၁) ခြွင်းချက်အရ အာမခံလျှောက်ထားခဲ့တာပါ။ ကျွန်တော်တို့က ဥပဒေနဲ့အညီ လျှောက်ထားခဲ့တာ။ တောင်သူတွေသည် မတရား ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရတာ ဖြစ်တယ်။ ဒီနေရာမှာ အခြားသော အမှုတွေမှာလည်း ကျင့် ၄၉၇ (၁) ခြွင်းချက်အရ အာမခံပေးနေတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီတောင်သူတွေကျမှ ဘာကြောင့် အာမခံမရသလဲ။ ဒီအမှုမှ ဘာကြောင့် အာမခံမပေးတာလဲ။ ဒွိဟဖြစ်စရာတွေ အများကြီးပါ။ နိုင်ငံသားတိုင်းမှာ တန်းတူညီမျှ အခွင့်အရေးဆိုတာ ရှိပါတယ်။ တောင်သူတွေအတွက်က ဒီအမှုမှာ တန်းတူညီမျှ အခွင့်အရေး မရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်။ အာမခံမပေးဘဲ ငြင်းပယ်နေတယ် ဆိုတာ ဒီအမှုအပေါ်မှာ တစ်စုံတစ်ဦးကသော် လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုခုကသော် လည်းကောင်း နည်းမျိုးစုံနဲ့ ဖိအားတွေပေးပြီး ချုပ်ကိုင်ထားတယ်လို့ မြင်ပါတယ်။ အာမခံ ငြင်းပယ်လိုက်တာနဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူတွေရဲ့ ဆန္ဒအပေါ်မှာ မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ဒေသခံ တောင်သူများဘက်မှ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားသည်။
စက်တင်ဘာ ၂၆ ရက်က ပုသိမ်ကြီးမြို့နယ် တရားရုံး၌ (၁၀) ကြိမ်မြောက် ရုံးထုတ်ခဲ့သည့် အမှုရုံးချိန်းများတွင် လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦးက ၎င်းတို့မှာ မတရား ဖမ်းဆီးခံထားရခြင်း ဖြစ်ကာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အဆိုပါ ရုံးချိန်းသို့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည့် ဒေသခံ တောင်သူများက လာရောက် ဝန်းရံမှုများ ပြုလုပ်ခဲ့ကြပြီး ဖမ်းဆီးခံထားရသည့် ဒေသခံများကို အမြန်ဆုံး ပြန်လွှတ်ပေးရေး ပုသိမ်ကြီးမြို့နယ် တရားရုံးနှင့် ရဲစခန်းရှေ့တို့၌ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
စက်တင်ဘာ ၂၆ ရက်က ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ချိန်းဆိုခဲ့သည့် အမှုများတွင် လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် စွဲဆိုထားသည့်အမှုကို စစ်ဆေးခဲ့ခြင်း မရှိဘဲ အောက်တိုဘာ ၃ ရက်သို့ ဆက်လက် ချိန်းဆိုခဲ့သည်။ ထို့ပြင် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ဒေသခံ ရှစ်ဦးအပေါ် စွဲဆိုထားသည့်အမှု နှစ်မှု၊ ကုမ္ပဏီဘက်က ဒေသခံ တောင်သူများအပေါ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၁ (မတရား တားဆီးကန့်ကွက်မှု)ဖြင့် လမ်းပိတ်ဆို့သည်ဟု ဆိုကာ စွဲဆိုထားသည့် အမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦးနှင့် အာမခံဖြင့် အမှုရင်ဆိုင်နေရသည့် အသက် ၇၀ အရွယ် အဘွားအိုတို့၏အမှု အပါအဝင် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ဒေသခံ ရှစ်ဦးအပေါ် စွဲဆိုထားသော အမှုနှစ်မှု၊ ကုမ္ပဏီဘက်က ဒေသခံ တောင်သူများအပေါ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၁ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့်အမှု များကို အောက်တိုဘာ ၃ ရက်သို့ ဆက်လက် ချိန်းဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
