ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာအုပ်စု သဗြူချောင်ကျေးရွာ၌ မတ်၂၄ ရက် နံနက် ၇ နာရီခန့်က ရဟန်းခံရှင်ပြု အလှူမဏ္ဍပ်အတွင်း ရှင်လောင်းလှည့်လည်မည့် ဆင်မှာ လန့်ဖျပ်ကာ လူများအား အန္တရာယ်ပြုခဲ့သည့်အတွက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ဆင်ပိုင်ရှင် (ဆင်ဦးစီး) အပါအဝင် လူသုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပေါင်မြို့နယ် ရင်းငြိမ်မြောက် ကျေးရွာအုပ်စု သဗြူချောင်ကျေးရွာနေ ဦးဇင်ယော်၏ နေအိမ် ရဟန်းခံရှင်ပြု အလှူမဏ္ဍပ်အတွင်း ရှင်လောင်းလှည့်လည်မည့် ဆင်ပေါ်မှ ရွှေမိုး၊ ငွေမိုးများ ကြဲချစဉ် ဝင်ရောက်လုယူကြသည့် လူများကြောင့် ဆင်မှာ လန့်ဖျပ်ပြီး မဏ္ဍပ်အတွင်းရှိလူများအား ဆင်အစွယ်ဖြင့်ထိုးခြင်း၊ ဆင်နှာမောင်းဖြင့် လွှဲရမ်းခြင်း စသည်ဖြင့် အန္တရာယ်ပြုခဲ့သည့်အတွက် သဗြူချောင်ကျေးရွာနေ မောင်ကောင်းထက် စံ(၆နှစ်)မှာ ဆင်အစွယ်ဖြင့်ထိုး မိသဖြင့် ပေါက်ပြဲဒဏ်ရာ၊ မောင်စိုးမင်းထွန်း (၈နှစ်)တွင် ဆင်အစွယ်ဖြင့်ထိုးမိသဖြင့် နံရိုးကျိုးဒဏ်ရာ၊ မယမင်းဦး (၈နှစ်)မှာ ဆင်နှာမောင်းဖြင့် ယမ်းလိုက်သည့်အတွက် မဏ္ဍပ်တိုင်နှင့် ဆောင့်မိကာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆင်ပိုင်ရှင် (ဆင်ဦးစီး) ဦးမွန်းလွဲမှာ ဆင်ပေါ်မှ ပြုတ်ကျပြီး ဆင်ခြေထောက်ဖြင့်နင်းမိသည့်အတွက် ခြေသလုံးကျိုးဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း ရင်းငြိမ်းမြောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က ပြောကြားသည်။
“ဆင်ပေါ်ကထိုင်နေသူတွေကနေ ရွှေမိုးငွေမိုးကြဲလိုက်တော့ လူတွေက ဝင်လုကောက်ကြတယ်။ အဲ့ဒီအချိန်မှာ ဆင်ကကြောက်လန့်ပြီးတော့ ဖြစ်သွားတာပါ။ ဆင်ကလည်း ဒါမျိုးတစ်ခါမှမဖြစ်ဖူးဘူးလို့ ပြောတဲ့သူတွေရှိသလို တချို့ကလည်း ဒါမျိုးဖြစ်ဖူးတယ်ဆိုပြီး ပြောကြတာတွေလည်း ရှိပါတယ်။ ဆင်ပိုင်ရှင် (ဆင်ဦးစီး) အပါအဝင် လေးဦးထိခိုက်ဒဏ်ရာသွားတယ်။ ခြောက်နှစ်သား မောင်ကောင်းထက်စံနဲ ့ရှစ်နှစ်သား မောင်စိုးမင်းထွန်းတို ့နှစ်ဦးကိုတော့ ရရှိတဲ့ ဒဏ်ရာကများတော့ ရန်ကုန်ကိုတင်လိုက်ကြတယ်။ ဒီနေ့မနက်ပိုင်းမှာပဲ မောင်ကောင်းထက်စံက သေဆုံးသွားတယ်လို့ သတင်းရပါတယ်။ အခု ဒဏ်ရာရရှိခဲ့တဲ့ သူတွေအနေနဲ့ရန်ကုန်ဆေးရုံမှာ တစ်ဦးနဲ ့သထုံဆေးရုံမှာ နှစ်ဦးကျန်နေပါတယ်”ဟု ဦးထွန်းမြင့်က ဆက်လက်ပြောကြားသည်။
ဆင်က အန္တရာယ်ပြုသောကြောင့် ဒဏ်ရာရရှိသူများဖြစ်သော ကလေးငယ်နှစ်ဦး၊ ဆင်ဦးစီးတစ်ဦးနှင့် အိမ်ရှင်မြေးတစ်ဦးတို့အနက် ဆင်ဦးစီးနှင့် အိမ်ရှင်မြေးတစ်ဦးကို သထုံခရိုင်ဆေးရုံကြီး၌ ဆေးကုမှုခံယူလျက်ရှိပြီး၊ အသက်ခြောက်နှစ်နှင့် ရှစ်နှစ်အရွယ် ကလေးငယ်နှစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုလျက်ရှိကြောင်း၊ အသက်ခြောက်နှစ် အရွယ် မောင်ကောင်းထက်စံမှာ ရရှိထားသည့် ဒဏ်ရာကြောင့် မတ်၂၅ ရက် နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း ရင်းငြိမ်ရဲကင်း စခန်းမှူး ဒုရဲအုပ်အောင်ဌေးက ပြောကြားသည်။
“ဒီနေ့မနက်ကပဲ ရန်ကုန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက်ခြောက်နှစ်အရွယ် မောင်ကောင်းထက်စံက ဆုံးသွားတယ်။ ကလေးသေသွားတော့ ဆင်ဦးစီးကို အမှုတစ်ခု ထပ်ဖွင့်ထားတယ်။ ဆင်ဦးစီးလည်း မသက်သာဘူး။ သထုံဆေးရုံမှာ ဆေးကုသမှု ခံယူနေတုန်းပဲ” ဟု ဒုရဲအုပ်အောင်ဌေးက ဆက်လက်ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆင်ပိုင်ရှင် (ဆင်ဦးစီး) ဖြစ်သူ ဦးမွန်းလွဲအပေါ် တိရစ္ဆာန်အန္တရာယ်နှင့် ပတ်သက်ပြီး ကာကွယ်ထားရန် ပျက်ကွက်ခြင်းကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၉ / ၃၀၄-ကဖြင့် ပေါင်မြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
