Top News

အနောက်ဘက်နှင့် အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂ ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်
24htopnews | November 27, 2024 5:12 AM CST

အနောက်ဘက်နှင့် အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

“အထက်ပိုင်းဒေသတွေမှာတော့ အနောက်ဘက်ကလာတဲ့ လေပွေလှိုင်းက ဒီရက်ပိုင်းတွေမှာဖြတ်ဖို့ရှိတယ်။ အောက်ပိုင်းဒေသတွေကတော့ အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းတွေကြောင့် မိုးရွာနိုင်တယ်။ အခုလက်ရှိကို ထိုင်းနိုင်ငံအပေါ်ပိုင်းမှာ တိမ်တိုက်တွေက တစ်ရက်နှစ်ရက်အတွင်း မြန်မာနိုင်ငံကို ဖြတ်ကျော်ဖို့ရှိတယ်။ အဲဒါကြောင့်မို့လို့ အချိန်အခါမဟုတ်မိုးရွာနိုင်တယ်ဆိုတာကို သတိပေးချက်ထုတ်ပြန်ထားတယ်။ နောက်တစ်ချက်က မိုးရွာသွန်းမှုနဲ့အတူ မိုးတိမ်တောင်တွေမှာ ဖြစ်ထွန်းနိုင်တဲ့အတွက် လေပြင်းတိုက်ခတ်တာတွေကိုပါ သတိပြုဖို့လိုတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မတ် ၂၅ ရက် ၁ နာရီ မိနစ် ၃၀ အချိန်တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် မတ် ၂၆ ရက်မှ ၂၈ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မတ် ၂၅ ရက် မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကြောင်း၊ နေ့အပူချိန်များ အနေဖြင့်စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်အပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ကြောင်း၊ ထူးခြားသည့် နေ့အပူချိန်များသည် ချောက်မြို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်၊ အောင်လံမြို့တွင် ၄၁ ဒီဂရီ စင်တီဂရိတ်၊ မင်းဘူးမြို့၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ ဂန့်ဂေါမြို့၊ ဆင်ဖြူကျွန်းမြို့၊ သာယာဝတီမြို့၊ ဖြူးမြို့၊ ကြို့ပင်ကောက်မြို့၊ ဘော်လခဲမြို့နှင့် မြဝတီမြို့တို့တွင် (၄၀)ဒီဂရီစင်တီ ဂရိတ်စီရှိကြောင်း သိရသည်။

မတ် ၂၆ ရက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                   


READ NEXT
Cancel OK