Top News

ပရိသတ်များ ရှိနေခြင်းနှင့် သူတို့၏ပျော်ရွှင်မှုက မိမိကို စိတ်အားထက်သန်မှု အမြင့်ဆုံးကို ရောက်ရှိစေသည်ဟု စီရော်နယ်လ်ဒို ပြောကြား
24htopnews | November 27, 2024 2:12 PM CST

 

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ပရိသတ်များရှိနေခြင်းနှင့် သူတို့၏ ပျော်ရွှင်မှုက မိမိကို စိတ်အားထက်သန်မှု အမြင့်ဆုံးကို ရောက်ရှိစေနိုင်သည်ဟု  ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ကာတာကလပ် အယ်လ်ဂါရာဖာအသင်းအား အဝေးကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် နှစ်ဂိုးသွင်းယူပေးပြီး သူ၏အသင်းကိုလည်း အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့်သို့ တက်ရောက်စေခဲ့သည်။ အာရှချန်ပီယံလိဂ်ပြိုင်ပွဲသည် ယခင် ကဲ့သို့ အရှေ့ပိုင်းဇုန်နှင့် အနောက်ပိုင်းဇုန်ဟူ၍ ခွဲထားသော်လည်း ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲအတိုင်း လိဂ်ပုံစံ ယှဉ်ပြိုင်နေခြင်းဖြစ်ကာ အနောက်ပိုင်းဇုန်မှ ထိပ်ဆုံး ရှစ်သင်းမှာ ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။ 

အနောက်ပိုင်းဇုန်တွင် အယ်လ်နာဆာအသင်းက ငါးပွဲကစား ၁၃ မှတ်ဖြင့် ၁၆ သင်းအဆင့် တစ်နေရာ သေချာခဲ့ခြင်းလည်း ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ကစားသမား ဘဝ ၉၁၂ ဂိုးနှင့် ၉၁၃ ဂိုးမြောက်များ သွင်းယူခဲ့ပြီး အယ်လ်နာဆာအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားခဲ့ရာတွင် ၁၁ ဂိုး သွင်းယူပေးခဲ့သည်။

"ပရိသတ်တွေ ရှိနေတာနဲ့ သူတို့ရဲ့ပျော်ရွှင်မှုက ကျွန်တော့်ရဲ့စိတ်အားထက်သန်မှုကို အမြင့်ဆုံးမှာ ထိန်းထားနိုင်တာပါ။ အထူးသဖြင့် ကလေးတွေပေါ့။ ကျွန်တော်တို့ကို အားပေးနေတဲ့ အရွယ်စုံ ပရိသတ်အမြောက်အမြား ရှိပါတယ်။ ကျွန်တော် ဂိုးသွင်းရလို့ အရမ်းပျော်ပြီး သူတို့ကို ပျော်အောင်လည်း လုပ်ပေးပါတယ်။ ဂိုးတွေသွင်းယူနိုင်တာက ကောင်းပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးအရာက အသင်း အနိုင်ရဖို့ပါပဲ။ ကျွန်တော့်အဖို့ အရေးအကြီးဆုံးအရာက အယ်လ်နာဆာအသင်း အနိုင်ရဖို့ပါ။ အယ်လ်ဂါရာဖာက အသင်းကောင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့ အနိုင်ရတဲ့ အကြောင်းပြချက်က ကျွန်တော်တို့ရဲ့ စုစည်းမှုပါပဲ။ ကျွန်တော့်အတွက် ပထမဆုံးနဲ့ နောက်ဆုံးရည်မှန်းချက်က အနိုင်ရရေးဖြစ်ပါတယ်။ အသင်းစုပေါင်းလုပ်ဆောင်မှုကနေ ဂိုးတွေရလာပြီး ကျွန်တော်ကလည်း ဂိုးသွင်းနိုင်ဖို့နဲ့ အနိုင်ရဖို့ အမြဲအာရုံစိုက်နေပါတယ်။  အသင်းအနိုင်ရရင် ကျွန်တော် ပျော်ပြီး ဒီနိုင်ပွဲကို ပရိသတ်တွေ၊ ကလပ်နဲ့ ရော်နယ်လ်ဒိုရဲ့ ပရိသတ်တွေအတွက် ရည်ညွှန်းပါတယ်"ဟု စီရော်နယ်လ်ဒို က ပြောကြားခဲ့သည်။


READ NEXT
Cancel OK