Top News

ပြည်ပကလပ်များတွင် ကစားနေသူများ အသင်းနှင့်စောစီးစွာပူးပေါင်းနိုင်ရန် သက်ဆိုင်ရာကလပ်များနှင့် MFF ညှိနှိုင်းနေ
24htopnews | November 27, 2024 2:12 PM CST

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၄ Asean Cup ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမလူစာရင်းတွင် ထည့်သွင်းရွေးချယ်ထားသည့် ပြည်ပကလပ်များတွင် ကစားနေသူများ အသင်းနှင့် စောစီးစွာပူးပေါင်းနိုင်ရန် သက်ဆိုင်ရာကလပ် အသင်းများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် ၂၀၂၄ Asean Cup ပြိုင်ပွဲယှဉ်ပြိုင်မည့် ပဏာမကစားသမား ၃၀ စာရင်းကို နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့ပြီး ပြည်ပကလပ်များတွင် ကစားနေသူ ရှစ်ဦး အထိ ပါဝင်လာသည်။ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ထိုင်း၊ မလေးရှားနှင့် ကမ္ဘောဒီးယားကလပ်အသင်းများတွင် ကစားနေသူများကို ရွေးချယ်ထားခြင်းဖြစ်ပြီး ထိုင်းနှင့် မလေးရှားလိဂ်ပြိုင်ပွဲများကိုမူ Asean Cup ပြိုင်ပွဲကျင်းပမည့်ကာလတွင်လည်း ရပ်နားခြင်းမရှိဘဲ ဆက်လက်ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

"လက်ရှိ ပဏာမလူစာရင်းထဲမှာ ပြည်ပကလပ်တွေမှာ ကစားနေတဲ့သူ ရှစ်ဦးပါဝင်ပါတယ်။ ကမ္ဘောဒီးယားလိဂ်ကတော့ Asean Cup ပြိုင်ပွဲကာလမှာ ရပ်နားမှာဖြစ်လို့ ပါဝင်ကစားခွင့်ရမှာပါ။ အဲ့ဒီကာလမှာ ပြိုင်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ ထိုင်းလိဂ်ကတော့ ပြိုင်ပွဲရပ်နားဖို့ စီစဉ်နေတယ်လို့ ကြားနေရပြီး မလေးရှားလိဂ်ကတော့ ပုံမှန်အတိုင်း လုပ်မယ်လို့ သိရပါတယ်။ လိဂ်ရပ်နားမယ့် ကစားသမားတွေကိုလည်း ပုံမှန်ထက်စောပြီး စေလွှတ်ပေးဖို့ လိဂ်မရပ်နားတဲ့ ကစားသမားတွေကိုလည်း အဆင်ပြေရင် ပြန်လည်စေ လွှတ်ပေးဖို့ သက်ဆိုင်ရာကလပ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်"ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် Asean Cup ပြိုင်ပွဲအတွက် ပဏာမလူစာရင်း  ထုတ်ပြန်ရာတွင် ပြည်ပကလပ်များတွင် ကစားနေသူများအနက် အောင်သူ၊ ကျော်မင်း ဦး၊ ပြည်တွင်းလိဂ်တွင် ပုံစံကောင်းပြသနေသည့် ကျော်ဇင်ဖြိုး (ဂိုး)၊ လားဒင်မောရ အစ ရှိသည့် ကစားသမားအချို့ ပါဝင်လာခြင်းမရှိပေ။ 

ဂိုးသမားရွေးချယ်မှုအပိုင်းနှင့် ပတ်သက်၍ ဂိုးနည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို့စ်ကို အပြည့်အဝ တာဝန်ပေးထားကြောင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက အတည်ပြုပြောကြားခဲ့သည်။ "ဂိုးသမားရွေးချယ်မှုအပိုင်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားသားဂိုးနည်းပြကို အပြည့်အဝ တာဝန်ပေးထားပါတယ်။ ပဏာမကစားသမား ရွေးချယ်တာကအစ သူ့စိတ်ကြိုက် လုပ်ဆောင်ခွင့်ပေးထားပါတယ်။ ကျွန်တော်က လိုအပ်တဲ့အပိုင်းပဲ ညှိနှိုင်းဆောင်ရွက်တာပါ"ဟု ဦးမျိုးလှိုင်ဝင်းက ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းတွင် စတင်စခန်းဝင် လေ့ကျင့်ခဲ့သော်လည်း ပြည်ပကလပ်များ တွင် ကစားနေသူများမှာ ပြိုင်ပွဲနီးမှ ပူးပေါင်းနိုင်မည်ဖြစ်သောကြောင့် ကစားသမားအစုံအလင် လေ့ကျင့်နိုင်မည့်ရက် နည်းပါးမည် ဖြစ်သည်။ မြန်မာအသင်းသည် Asean Cup ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နှစ်ပတ်ကျော်သာ ရရှိမည်ဖြစ်သည်။


READ NEXT
Cancel OK