Top News

ရုရှား၏ စမ်းသပ်ဆဲ ဟိုက်ပါဆောနစ် တာလတ်ပစ်ဒုံးကျည်အသစ် ပစ်ခတ်ခဲ့သည့်ကိစ္စကို ယူကရိန်းနှင့် နေတိုးကိုယ်စားလှယ်များ ဆွေးနွေး
24htopnews | November 27, 2024 5:12 PM CST

ယူကရိန်းနှင့်နေတိုးအဖွဲ့ဝင်များမှ ကိုယ်စားလှယ်များသည် ရုရှား၏စမ်းသပ်ဆဲ ဟိုက်ပါဆောနစ် တာလတ်ပစ်ဒုံးကျည်လွန်ခဲ့သော သီတင်းပတ်တွင်ပစ်ခတ်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၆ ရက်တွင် ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

ရုရှားသည် အိုရီရှနစ်(ဟေဇယ်)ဟုခေါ်သည့် ပဲ့ထိန်းဒုံးကျည်သစ်ဖြင့် ယူကရိန်းစစ်ဘက်အဆောက်အအုံကို ပစ်ခတ်ခဲ့သည်ဟု ရုပ်သံထုတ်လွှင့်ခဲ့သောမိန့်ခွန်းတွင် ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး နောက်ထပ်ပဲ့ထိန်းဒုံးကျည်များ လာဦးမည်ဟု သတိပေးခဲ့သည်။

အဆင့်မြင့် အနောက်အုပ်စုလက်နက်များဖြင့် ရုရှားနယ်မြေကို ယူကရိန်းအား တိုက်ခိုက်ခွင့်ပေးလိုက်သည့် အမေရိကန်ပြည်ထောင်စုနှင့်ယူကေတို့ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားက နိုဝင်ဘာ ၂၁ ရက်တွင် ဟိုက်ပါ ဆောနစ်တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို နီပရိုမြို့သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ညပိုင်းတွင် ဒေသအများအပြားကို ပစ်လွှတ်ခဲ့သော ရုရှားဒရုန်း ၇၃ စင်းအနက် ဒရုန်း ၅၀ ကို ယူကရိန်းလေကြောင်းကာကွယ်ရေးတပ်ဖွဲ့များကပစ်ချခဲ့ပြီးနောက် ယူကရိန်းသည် ပြည်သူများကို အကာအကွယ်ပေးရန် မိမိ၏လေကြောင်းကာကွယ်ရေးများကို အားကောင်းအောင်လုပ်ရန် လိုအပ်နေသည်ဟု သမ္မတဗိုလိုဒီမာ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

“အခုတစ်ပတ်ထဲမှာပဲ ယူကရိန်းနိုင်ငံတစ်ဝန်းမှာ လေကြောင်း အချက်ပေးသံတွေကို နေ့တိုင်နီးပါး ကြားနေရပါတယ်”ဟု ဇယ် လန်းစကီးက ပြောခဲ့သည်။

“ယူကရိန်းနိုင်ငံဟာ လက်နက်စမ်းသပ်ကွင်းမဟုတ်ပါဘူး။ ယူကရိန်းဟာအချုပ်အခြာအာဏာပိုင်လွတ်လပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားဟာကျွန်တော်တို့ ပြည်သူတွေကိုသတ်ဖို့၊ အကြောက်တရားနဲ့ ထိန်းလန့်မှုတို့ကို ဖြန့်ဖို့၊ ကျွန်တော်တို့ကို အားနည်းသွားအောင်လုပ်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲပါ”ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

နေတိုး-ယူကရိန်းကောင်စီအစည်းအဝေးခေါ်ယူခဲ့ပြီးနောက် ယူကရိန်းကခိုင်မာပြီး အဓိပ္ပာယ်ရှိသော ရလဒ်များကိုရရှိမည်ဟု မျှော်လင့်ကြောင်းပြောကြားထားသည်။

သို့ရာတွင် နိုဝင်ဘာ ၂၆ ရက် အစည်းအဝေးသည် ကြီးကြီးမားမားရလဒ်များကို မျှော်လင့်၍မရသည့် အစည်းအဝေးဟုသံတမန်များကလည်းကောင်း၊ တာဝန်ရှိသူများကလည်းကောင်း ပြောကြားခဲ့သည်။

အဖြစ်နိုင်ဆုံးအနေအထားမှာ ရုရှား၏လက်နက်သစ်အသုံးပြုမှုက ယူကရိန်းကိုနေတိုးမဟာမိတ်များ ထောက်ပ့ံနေခြင်းအား ဟန့်တားနိုင်မည်မဟုတ်ဟူသောနေတိုး၏ စောစောပိုင်းသဘောထားကို ထပ်လောင်း ပြောကြားမည့်အနေအထားရှိနေသည်ဟု ဆိုသည်။

ယင်းအစည်းအဝေးသည် ယူကရိန်း၏ မျက်မှောက်လုံခြုံရေးအခြေအနေကို ဆွေးနွေးခွင့်ရသည့် အစည်းအဝေးဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် ယူကရိန်းတာဝန်ရှိသူများက ဗီဒီယိုလင့်ခ်မှတစ်ဆင့် အစီရင်ခံတင်ပြမှုများရှိမည်ဟု နေတိုးတာဝန်ရှိသူက ပြောကြားခဲ့သည်။

စစ်မြေပြင်တွင် ယူကရိန်း၏ပင်ပန်းနေသောစစ်သားများသည် နိုင်ငံအရှေ့ပိုင်း၌ ရုရှားတပ်ဖွဲ့များကို ဟန့်တားရန် ရုန်းကန်နေရသည်။                                          

Ref: AFP


READ NEXT
Cancel OK