Top News

မိမိအပါအဝင် မိသားစုဝင်များ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းမှာ စိတ်ကျန်းမာရေးကို ထိခိုက်စေကြောင်း ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာ ဝန်ခံ
24htopnews | November 27, 2024 5:12 PM CST

 

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက မိမိအပါအဝင် မိသားစုဝင်များ အသက်အန္တရာယ်ခြိမ်းခြောက်ခံရခြင်းမှာ စိတ်ကျန်းမာရေးကို ထိခိုက်စေကြောင်း ဝန်ခံပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဂရေဟမ်ပေါ်တာလက်ထက် ပြိုင်ပွဲစုံ ၂၅ ပွဲကစားထားရာတွင် ကိုးပွဲသာ အနိုင်ရကာ ခုနစ်ပွဲသရေ၊ ကိုးပွဲရှုံးနိမ့်ပြီး နောက်ဆုံး ၁၄ ပွဲတွင်လည်း နိုင်ပွဲနှစ်ပွဲသာ ရရှိထားသည်။ အထူးသဖြင့် ချယ်လ်ဆီးအသင်း၏ တိုက်စစ်ပိုင်းမှာ နောက် ဆုံး ၁၀ ပွဲတွင် လေးဂိုးသာ သွင်းယူထားနိုင်ပြီး ခြောက်ပွဲအထိ ဂိုးပေါက်ပျောက်ဆုံးနေသဖြင့် ဂရေဟမ်ပေါ်တာမှာ ဖိအားများရင်ဆိုင်နေရသလို ၎င်းအပါအဝင် မိသားစုဝင်များမှာ အီးမေးလ်မှတစ်ဆင့် ခြိမ်းခြောက်မှုများ ခံနေရခြင်းဖြစ်သည်။

"ကျွန်တော့်ဆီရောက်လာတဲ့ အီးမေးလ် တချို့က သိပ်မကောင်းပါဘူး။ အဲဒီမှာ ကျွန်တော့်ကို သေစေချင်တဲ့အကြောင်းပါတယ်။ အဲဒီလိုမျိုးလက်ခံရရှိတာက အဆင်မပြေဘူးဆိုတာ သိသာပါတယ်။ အလုပ်သွားတဲ့အခါ တစ်စုံတစ်ယောက်က ဆဲဆိုနေရင် အဲဒါက အဆင်မပြေပါဘူး။ ခင်ဗျားအနေနဲ့ နှစ်မျိုးဖြေလို့ရတယ်။ ဒါတွေကို ဂရုမစိုက်ဘူးလို့ ကျွန်တော်ပြောလို့ရတယ်။ ဒါပေမဲ့ ကျွန်တော် လိမ်နေတယ်ဆိုတာ ခင်ဗျားသိပါတယ်။ လူတွေဘယ်လိုထင်ကြမလဲဆိုတာကို အားလုံးက ဂရုစိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က လူမှုရေးအရချိတ်ဆက်နိုင်ဖို့ ခက်ခဲလို့ပါ" ဟု ဂရေဟမ်ပေါ်တာက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက "ရလဒ်တွေအရ ခင်ဗျားအနေနဲ့ ဝေဖန်မှုတွေကို လက်ခံရပါမယ်။ ဒါတွေအားလုံးက လွယ်ပါတယ်လို့ ပြောလို့မရပါဘူး။ ခင်ဗျားရဲ့မိသားစုဘဝ ထိခိုက်ခံစားရတယ်။ ခင်ဗျားရဲ့စိတ်ကျန်းမာရေး ထိခိုက်ခံစားရတယ်။ ခင်ဗျားရဲ့ကိုယ်ရည်ကိုယ်သွေးကိုလည်း ထိခိုက်စေတယ်။ အဲဒါတွေက ခက်ခဲပါတယ်။ ဘဝဆိုတာ လူတော်တော်များများအတွက် ခက်ခဲပါတယ်။ ဒါက ခက်ခဲလားလို့ ခင်ဗျားကမေးရင် ဟုတ်တယ်၊ ခက်ခဲတယ်လို့ ကျွန်တော်ဖြေမှာပါ။ ခင်ဗျားထိခိုက်ခံစားရတယ်၊ မထင်မှတ်တာတွေ ရင်ဆိုင်ရတယ်။ သီးသန့်ဖြစ်တဲ့အချိန်ဆိုရင် မိသားစုနဲ့အတူ စစ်မှန်တဲ့ခံစားချက်ကို ပြသဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ခက်ခဲပါတယ်။ ကျွန်တော်တို့က စွမ်းအင်အကျပ်အတည်း၊ လူနေမှုစရိတ်အကျပ်အတည်းတွေ ဖြတ်သန်းနေရတယ်။ လူတွေက အပတ်စဉ်တိုင်း တိုက်ပွဲဝင်နေကြရတယ်။ အသက်ကြီးပြီး ညံ့ဖျင်းတဲ့ ပရီးမီးယားလိဂ်မန်နေဂျာအကြောင်းကို ဘယ်သူမှမကြားချင်ပါဘူး" ဟု ဆက်လက်ပြောကြားခဲ့သည်။


READ NEXT
Cancel OK