ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ကျေးရွာသို့ လက်နက်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဦးခေါင်းတွင် လက်နက်ကြီးအစထိမှန်ပြီး ဆေးကုသမှုခံယူနေရသော အသက်ခုနစ်နှစ်အရွယ် ကလေးငယ်အား ရန်ကုန်သို့ ဆေးကုသရန်ကားဖြင့် သယ်ဆောင်သွားစဉ် ကျောက်တော်မြို့အလွန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
စစ်တွေပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်တွင် ဆေးကုသရန်အတွက် ဇန်နဝါရီ၂၈ ရက် ညနေတွင် ကားဖြင့် ယူဆောင်သွားခဲ့ခြင်းဖြစ်ကာ လမ်းခုလတ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ကလေးငယ်၏ အလောင်းအား သမီးလှကျေးရွာသို့ ပြန်လည်သယ်ဆောင်သွားကြပြီဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ ရက်က သမီးလှကျေးရွာ (ရွာသစ်)အနီးတွင် တိုက်ဖြစ်ပွားပြီးနောက် ကျေးရွာအား လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွာသားသုံးဦး ဒဏ်ရာရရှိခဲ့ရာ အသက်ခုနစ်နှစ်အရွယ် မောင်နိုင်စိုးမှာ ဦးခေါင်းတွင်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကြောင်းမှရွာထဲသို့ဝင်လာပြီး ရွာပြင်ကျောင်းသို့ ရွာသားများအားလုံးကို မောင်းထုတ်ခဲ့ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ညနေပိုင်း ရွာသားများ ရွာသို့ပြန်ဝင်ခွင့်ရရှိသည့်အချိန်တွင် နေအိမ် ၆၄ အိမ်မှ သေတ္တာများ ဖျက်ဆီးမွှေနှောက်ခံခဲ့ရပြီး ရွှေနှင့်ငွေသားများ ပျောက်ဆုံးမှုဖြစ်ပေါ်ခဲ့ရာ ယင်းနှင့်ပတ်သက်ပြီး လွှတ်တော်တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ရွှေငွေပျောက်သွားတဲ့ကိစ္စကိုတော့ လွှတ်တော်မှာ တင်သွင်းသွားဖို့ စီစဉ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရောက်တော့ ရွာသားတွေက စိုးရိမ်ကြောက်ရွံ့နေတာ မပျောက်သေးတာကို တွေ့ရတယ်။ နောက်ပြီး သူတို့ကို ရွာပြင်ကျောင်းမှာ စုထားတဲ့အချိန်မှာ အိမ်တွေမွှေနှောက်ခံရပြီး ပစ္စည်းတွေပေါ့၊ ရွှေငွေတွေပျောက်ဆုံးသွားတာဟာ ဒါပထမဆုံးဖြစ်တယ်။ တချို့မှာ ရွှေခြောက် ကျပ်၊ နှစ်ကျပ် စသဖြင့် အမျိုးမျိုးပေါ့၊ ငွေတွေလည်း ပျောက်သွားတာကို ရွာသားတွေပြောလို့ သိရတယ်။ တိုက်ပွဲဖြစ်တာက တစ်ဖက်နဲ့တစ်ဖက် သဘောထားမတူလို့ဖြစ်တာဆိုပေမဲ့ ရွာသားတွေကို ထိခိုက်အောင်လုပ်တာကတော့ မဖြစ်သင့်ဘူးလို့မြင်တယ်။ အစိုးရအနေနဲ့ ဒီလိုမျိုးမဖြစ်အောင် တားဆီးသင့်ပါတယ်”ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောကြားသည်။
ယင်းသို့ပျောက်ဆုံးမှုများတွင် နေအိမ်များရှိ သေတ္တာများကိုလည်း ဖြိုဖျက်ထုခွဲကာ မွှေနှောက်ယူဆောင်သွားခဲ့ခြင်းဖြစ်ပြီး အလှူငွေကျပ်သိန်း ၁၅၀ ကိုလည်း ဂေါပကတစ်ဦး၏ နေအိမ်မှယူဆောင်သွားခဲ့ကြောင်းနှင့် ရွှေထည်များကိုလည်း အလားတူ သေတ္တာများ ထုခွဲဖွင့်လှစ်ကာ ယူဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယင်းအပြင် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တစ်ခုကိုလည်း ကျေးရွာအပြင်ဘက်တွင် တွေ့ရှိခဲ့ရကြောင်းလည်း ကျေးရွာသားများထံမှ သိရှိရသည်။
ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးသန်းနိုင်က “ကျွန်တော်တို့ရွာကို လှည့်ကြည့်တဲ့အခါကျတော့ တစ်ရွာလုံးမှာ လက်နက်ကြီးကျည်ကျတဲ့ နေရာတွေ၊ လက်နက်ငယ်ကျတဲ့နေရာတွေ အမြောက်အမြားမြင်ရပါတယ်။ ကျည်မကျတဲ့ အိမ်ဆိုတာ မရှိသလောက်ပါပဲ။ နောက်ပြီး ရွာသားလေးယောက်လည်း ရိုက်ပုတ်ခံရတယ်။ တစ်ယောက်က ခေါင်းကွဲလို့ ချုပ်ရတယ်။ အခု ရသေ့တောင်ဆေးရုံကိုသွားနေတယ်။ ရွာမှာ အိမ်ခြေ ၈၄ ဆောင်ရှိတဲ့နေရာမှာ ၆၄ ဆောင်ကို မွှေနှောက်ပြီးတော့ ရွှေငွေ၊ ပိုက်ဆံတွေကို ယူသွားပါတယ်။ ငွေသားအနည်းနဲ့ ၂၇ သိန်းက အများဆုံးပေါ့။ ရွှေပါသွားတဲ့အိမ်ကတော့ ကိုသန်းမောင်ထွန်းဆိုတဲ့လူရဲ့အိမ်က ရွှေခြောက်ကျပ်သားပါသွားတယ်။ ရွာသားတွေ အခုတော့ အိမ်ပြန်ရောက်ပါပြီ။ ရဲတွေလည်း ရောက်လာပြီး ရွာပြင်မထွက်ကြ ဖို့ပြောထားတယ်။ ရွာသားတွေက စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေဆဲပါ။ တိုက်ပွဲဖြစ်တာနဲ့ တစ်ရွာလုံးကအိမ်တွေကို မွှေနှောက်ပြီးတော့ ရွှေငွေရတနာတွေကိုယူသွားတာကတော့ ဓားပြလိုဖြစ်သွားတာပေါ့” ဟုပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
