Top News

ပဲခူးမြို့ရှောင်လမ်း မိုင်တိုင် ၉/၇ တွင် ဓာတ်ငွေ့သယ်တွဲယာဉ်တစ်စီး ရေမြောင်းတံတားကို တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွား
24htopnews | November 27, 2024 6:12 PM CST

ပဲခူးမြို့ရှောင်လမ်းမိုင်တိုင်၉/ ၇ ပဲခူးမြို့မရဲစခန်းပိုင်နယ်မြေအတွင်း ဇန်နဝါရီ ၂၈ ရက် နံနက်၂ နာရီခွဲခန့်က ဘုရားကြီးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသော ဓာတ်ငွေ့သယ်ယာဉ်မှာ ရေမြောင်းအုတ်ခုံနှင့်ဝင်တိုက်မိ၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် နံနက်၂ နာရီခွဲခန့်က ဘုရားကြီးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်သူ (၃ဝနှစ်)(ဘ) ဦး အောင်ဝင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်မြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် YGN-4D/---Tractor Head အမျိုးအစား အပြာရောင်နောက်တွဲနံပါတ် TLR/--- အဖြူရောင်ဓာတ်ငွေ့သယ်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ပြီး ပဲခူးမြို့ရှောင်လမ်း မိုင်တိုင် ၉/၇ အဝိုင်း ကျေးရွာနောင်တော်ကြီးဘုရားအနီးတွင် ရေမြောင်းတံတားအမှတ် ၉/၁၀ အုတ်ခုံကိုဝင်တိုက်ပြီး လမ်းဘေးထိုးကျတိမ်းမှောက်သွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ယာဉ်ဦးခေါင်းပိုင်းနှင့် အင်ဂျင်တို့မှာ ထိခိုက်ကြေမွသွားကြောင်း သိရသည်။

“ကျွန်တော်တို့ ဆီသတင်းရတော့ နံနက် ၂ နာရီခွဲမှာပဲခူးမြို့မရဲစခန်းက ရဲအုပ်ကျော်နိုင်ဝင်းနဲ့ အဖွဲ့နဲ့ ကျွန်တော်တို့ သွားရောက်စစ်ဆေးတဲ့အခါ ပဲခူးမြို့ရှောင်လမ်း မိုင်တိုင် ၉/၇ ရောက်တော့ ရန်ကုန်ဘက်ကို ဦးတည်ပြီး တိမ်းမှောက်နေတာကို တွေ့တယ်။ ယာဉ်မောင်းကို မတွေ့ရဘူး။ တစ်နေကုန် စုံစမ်းတဲ့အခါ ည ၇ နာရီမှ ယာဉ်မောင်းကို တွေ့ခဲ့ရတယ်။ အခု ယာဉ်မောင်းကို မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု ပဲခူးမြို့ အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ထွန်းလင်းဇော်က ပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပဲခူးမြို့မ ရဲစခန်းတွင် ယာဉ်ထိန်းရဲအုပ်ထွန်းလင်းဇော်မှ တရားလိုပြုလုပ်တိုင်ကြားပြီး ယာဉ်မဆင်မခြင် မောင်းနှင်သောအောင်သူအား ယာဉ် (ပ)၁၈/၂၀၁၉၊ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။     


READ NEXT
Cancel OK